<

မြစ်ဝကျွန်းပေါ်ဒေသတွင် မိုးစတင် ရွာသွန်းပြီးနောက် ဆားလယ်များ လုပ်ငန်းသိမ်း

ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားကွင်းအချို့ကို တွေ့ရစဉ်

မြစ်ဝကျွန်းပေါ်ဒေသတွင် ကပ္ပလီပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်နှင့်အတူ မိုးများစတင်ရွာသွန်းခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားတိုက်နယ် ၁၁ ခုမှ ဆားတောင်သူများ ယခုနှစ် ဆားရာသီအတွက် ဆားလယ်များ စတင်သိမ်းဆည်းခဲ့ပြီး ရာသီဖျက်များမှုကြောင့် ဆားထွက်နှုန်းများ လျော့ကျခဲ့ရကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မန်ကျည်းပင်၊ သင်္ဃန်းကုန်း၊ သက္ကယ်သောင်၊ မဲခရဲ၊  ဆင်ခြေယာ၊ ပြင်စလူ၊ ရွေးသင်္ကန်းကြီး၊ ဆားကျင်း၊ ကျောက်တန်းလေး၊ ဒေးဒလူ၊ နောက်မီးဆား တိုက်နယ်များတွင် နေရာကွက်ကျား မိုးရွာသွန်းမှုကြောင့် ဆားလယ်အများစုတွင် သိမ်းဆည်းဆားများ ပျက်စီးခဲ့ရကြောင်း၊ မုတ်သုံဝင်ရောက်လာမည့် အချိန်နှင့် နီးကပ်နေသောကြောင့် ဆားလယ်အများစုမှာ ပြန်လည်ပြင်ဆင်ခြင်း မရှိတော့ဘဲ လုပ်ငန်းများ သိမ်းဆည်းခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် ဆားရာသီတွင် ဆားကြမ်းဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်ခဲ့သောကြောင့် ဆားတောင်သူများမှာ အကျိုးအမြတ် အနည်းငယ် ရရှိခဲ့သော်လည်း ရာသီဥတု မကြာခဏ ဖျက်မှုကြောင့် ဆားကြမ်းများ အထွက်နှုန်း လျော့ကျခဲ့ရကြောင်း ဆားတောင်သူများထံမှ သိရသည်။

“မိုးရွာတော့ ပျက်တဲ့သူလည်း ပျက်သွားပြီး ဆားကွင်းက နားပြီပေါ့နော်။ နည်းနည်းမိုးလွတ်သွားတဲ့ နေရာတွေကတော့ ဆားကျုံးနေတုန်းပဲ။ တစ်နေရာနဲ့ တစ်နေရာ မိုးရွာသွန်းမှု မတူတာကြောင့် နည်းနည်းကျန်တဲ့ ကွင်းကတော့ လက်ကျန်ဆားတွေကို ဆက်ကျုံးနေတယ်။ ကျွန်တော့်လယ်ကတော့ ဟိုရက်က မိုးရွာသွားတော့ ခဏနားလိုက်ပြီးတော့ ဒီနေ့ လက်ကျန်ဆက်ကျုံးနေတယ်။ များများထိသွားတဲ့ သူကတော့ နားလိုက်ပြီ။ ဆားကြမ်းဈေးက ဒီနေ့ဆို တစ်ပိဿာကို ၁၄၀၊ ၁၄၅ ကျပ်လောက်ပေးတယ်။ ရောင်းတဲ့သူကတော့ မရောင်းချင်ဘူး။ ဒီနှစ်မှာတော့ ရာသီအဖျက်များလို့ ဆားအထွက် လျော့တယ်။ မနှစ်ကထက် လျော့တယ်။ အကျိုးအမြတ်ရလားဆိုတော့ ကြွေးမြီနဲ့လုပ်တဲ့သူ မဟုတ်ရင်တော့ ဆားမပေါ်ခင်ကတည်းက ဆားပေးနဲ့ အကြွေးယူထားတဲ့သူ မဟုတ်ရင်တော့ အကျိုးအမြတ်က နည်းနည်းတော့ ရပါတယ်” ဟု လပွတ္တာမြို့နယ်မှ ဆားတောင်သူ တစ်ဦးဖြစ်သူ ဦးမောင်ကျင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားတောင်သူများမှာ နာဂစ်မုန်တိုင်းပြီးချိန်မှ စတင်ကာ နှစ်စဉ်ရာသီဖျက်ခြင်း၊ ဆားကြမ်းဈေးနှုန်း ကျဆင်းခြင်းကြောင့် အရှုံးပေါ်ခြင်းများ နှစ်စဉ်ရင်ဆိုင် ခဲ့ရသောကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်သူ နည်းပါးလာခဲ့ပြီး၂၀၀၈-၂၀၀၉ ခုနှစ် ဆားရာသီတွင် ဆားတောင်သူဦးရေ ၈၀၃ ဦးရှိခဲ့သည့်အနက် ၂၀၁၆-၂၀၁၇ ဆားရာသီတွင်မူ ၃၉၁ ဦးအထိ လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

 

May 1, 2018














Copy Protected by Chetan's WP-Copyprotect.