တရားသူကြီး၊ ရဲ၊ ထောင်ပိုင်၊ ထွေအုပ်စသည့် ဝန်ထမ်းအချို့ကို တရားစွဲဆိုခွင့်ပေးရန် သမ္မတဟောင်း ဦးထင်ကျော် လက်ထက်တွင် စာပေးပို့ထားမှု မထူးခြားသဖြင့် သမ္မတသစ်ဦးဝင်းမြင့်ထံ ထပ်မံပေးပို့မည်ဟု ဆရာတော်ဦးပါမောက္ခ မိန့်ကြား

တရားသူကြီး၊ ရဲ၊ ထောင်ပိုင်၊ ထွေအုပ်စသည့် ဝန်ထမ်းအချို့ကို တရားစွဲဆိုခွင့်ပေးရန် သမ္မတဟောင်း ဦးထင်ကျော် လက်ထက်တွင် စာပေးပို့ထားမှု မထူးခြားသဖြင့် သမ္မတသစ်ဦးဝင်းမြင့်ထံ ထပ်မံပေးပို့မည်ဟု ဆရာတော်ဦးပါမောက္ခ မိန့်ကြား
Published 2 May 2018

ဓာတ်ပုံ - သီဟအောင်

တရားသူကြီး၊ ရဲ၊ ထောင်ပိုင်၊ ထွေအုပ် စသည့် ဝန်ထမ်းအချို့ကို တရားစွဲဆိုခွင့်ပေးရန် သမ္မတဟောင်း ဦးထင်ကျော် လက်ထက်တွင် စာပေးပို့ထားမှု မထူးခြားသဖြင့် ထပ်မံ၍ သမ္မတသစ် ဦးဝင်းမြင့်ထံ စာပေးပို့ရန် အစီအစဉ်ရှိကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မေ ၁ ရက်တွင် မိန့်ကြားသည်။

ယခင်နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ထက် မတ် ၂၀ ရက်က တရားသူကြီး၊ ရဲ၊ ထောင်ပိုင်၊ ထွေအုပ်စသည့် ဝန်ထမ်းအချို့ကို တရားစွဲဆိုခွင့်ပေးရန် နိုင်ငံတော်သမ္မတရုံး အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနများသို့ စာပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာနှင့် ပတ်သက်၍ ခွင့်ပြုမိန့် မရသေးသဖြင့် သမ္မတသစ် ဦးဝင်းမြင့်ထံ စာပေးပို့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ “ဘုန်းကြီးတို့ သမ္မတရုံးကို တင်ထားတာ မကျသေးဘူး။ အခု ဦးဝင်းမြင့်ဆီကို ပြန်တင်ဖို့ အစီအစဉ်တော့ရှိတယ်။ သီးသန့်ပြန်တင်ဦးမယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းသို့ တရားစွဲဆိုရခြင်းမှာ ဆရာတော်က ၎င်းအမှုရင်ဆိုင်ရစဉ် ဝန်ထမ်းအချို့သည် ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ ဥပဒေဘောင်ကျော်လွန်၍ လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ ၎င်းထံတွင် အကျင့်ပျက်ခြစားသည့် ဝန်ထမ်းအချို့၏ အမှုတွဲ ၁၅၀ ရှိကြောင်း ဆရာတော် ဦးပါမောက္ခက မတ်လအတွင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ မိန့်ကြားထားသည်။

တရားစွဲဆိုရန် စီစဉ်ထားသည့် ဝန်ထမ်းအရေအတွက်မှာ ရှစ်ဦးရှိကာ ယင်းတို့အထဲတွင် ရဲအရာရှိသုံးဦး၊ အင်းစိန်အကျဉ်းထောင်မှ အရာရှိတစ်ဦး၊ တရားသူကြီးနှစ်ဦး၊ ဥပဒေအရာရှိတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိတစ်ဦး စသည်တို့ ပါဝင်ကြောင်း သိရသည်။

“ပြည်သူ့ဝန်ထမ်းတစ်ဦးကို တရားစွဲမယ် ဆိုလို့ရှိရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၅ က  အဲဒီလိုဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေ မစိုးမိုးတာက အဲဒီအချက်ပဲ။ အဲဒီအချက်က ဘာလဲဆိုရင် ပြည်သူ့ဝန်ထမ်းဆိုရင်ခွင့်ပြုမိန့် တင်ရတယ်လေ။ ခွင့်ပြုမိန့်ကျတာက တစ်ရာမှာ တစ်ယောက်မရှိဘူး။ တစ်ထောင်မှာ တစ်ယောက်မရှိဘူးလေ။ အဲဒီတော့ လာဘ်စားပိုင်ခွင့် လုပ်ပိုင်ခွင့် တရားဝင် ပေးထားသကဲ့သို့ ဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူအခွင့်အရေး ရယူပေးရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကို တန်းတူပေးရမည်လို့ ပါထားတယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံက နောက်မှပေါ်တဲ့ ဥပဒေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေက အရင်ပေါ်ထားတဲ့ ဥပဒေ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၅ ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၄၇ က လွှမ်းတယ်။ အဲဒီ ၃၄၇ ကို အတည်ပြုလိုက်မယ်ဆိုရင် လာဘ်ပေးလာဘ်ယူ ရဲဖြစ်စေ၊ တရားသူကြီးဖြစ်စေ၊ ဥပဒေအရာရှိဖြစ်စေ၊ သူတို့ကိုလည်း တရားစွဲဖို့ ပြည်ထဲရေး တင်စရာ မလိုတော့ဘူး။ သမ္မတဆီ တင်စရာ မလိုတော့ဘူး။ တိုက်ရိုက်တရားစွဲလို့ရမယ်ဆိုရင် အခုအဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မတီက မလိုအပ်တော့ဘူ။ အခုဟာက သူတို့ကို ပြန်တရားစွဲမယ်ကြံရင် ခွင့်ပြုမိန့် ခွင့်ပြုချက် တင်နေရတာနဲ့တင် ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ခွင့်ပြုချက်ဆိုတာ ရဖို့ကလည်း လွယ်လွယ်ကူကူနဲ့ ရတာမဟုတ်ဘူး” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းများကို တရားစွဲဆိုမည် ဆိုပါက နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရရှိမှသာ တရားစွဲဆိုနိုင်ကြောင်း သိရသည်။

Most Read

Most Recent