၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် အလွတ်ကျက်မှတ်မှုထက် စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသောမေးခွန်းများ ပိုမိုပါဝင်မည် ဖြစ်ကြောင်း သိရ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် အလွတ်ကျက်မှတ်မှုထက် စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသောမေးခွန်းများ ပိုမိုပါဝင်မည် ဖြစ်ကြောင်း သိရ
Published 2 May 2018

၂၀၁၉  ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံသစ်တွင် ကျောင်းသား ကျောင်းသူများအား အလွတ်ကျက်မှတ်မှုထက် ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုကို ဦးစားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာတွင် ရွေးချယ်စရာမေးခွန်း အရည်အတွက် များနေပါက သင်ခန်းစာအချို့ကို စာမေးပွဲတွင် မဖြေဆိုဘဲ ရှောင်လွှဲခွင့်ရနိုင်ခြင်းကြောင့် တတ်မြောက်မှု အားနည်းနိုင်ခြင်းကြောင့် မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာ မေးခွန်းပုဒ်ရေကို လျှော့ချထားမည်ဖြစ်ပြီး မေးခွန်းပုံစံတစ်ခုလုံး ပြောင်းလဲသွားခြင်း မဟုတ်ဘဲ မေးခွန်းပုံစံ အများစုကို ယခင် မေးရိုးမေးစဉ်အတိုင်း ဆက်လက်ထည့်သွင်း မေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မေးခွန်းပုံစံသစ်တွင် မေးခွန်းပုံစံများမှာ လုံးဝအသစ်ပြောင်းလဲခြင်း မဟုတ်ဘဲ မေးခွန်းပုံစံဟောင်းမှာ ကဲ့သို့ပင် အလွတ်ကျက်မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများ ပိုမိုပါဝင်လာခြင်း၊ သင်ယူသူများကို သင်ရိုးကုန် လေ့လာနိုင်စေရန်ရည်ရွယ်ပြီး သင်ခန်းစာများ အားလုံးကို လွှမ်းခြုံမေးမြန်းမည်ဖြစ်ခြင်း၊ မေးခွန်းပုံစံတွင် လွယ်၊ သင့်၊ ခက် မျှတစွာ ပါဝင်ပြီး သင်ရိုးများအားလုံး ကျေညက်စွာ လေ့လာထားသော ကျောင်းသား ကျောင်းသူများ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းများဖြစ်ခြင်း စသည့်အချက်အလက်များနှင့် ကိုက်ညီမည် ဖြစ်ကြောင်း သိရသည်။

“မေးခွန်းပုံစံသစ်ကတော့ တွေးခေါ်မြော်မြင်နိုင်စွမ်းကို အားပြုတဲ့မေးခွန်းတွေ ပိုမေးလာမှာဆိုတော့ မေးခွန်းရဲ့ အနှစ်သာရကို ပိုမိုမြင့်မားလာစေမှာ ဖြစ်သလို ကျောင်းသား ကျောင်းသူတွေရဲ့ သင်ခန်းစာပေါ် တတ်မြောက်ကျွမ်းကျင်မှုနှုန်းကို ထိထိရောက်ရောက် သိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက အဆိုပါ မေးခွန်းပုံစံသစ်နှင့် ပတ်သက်၍ ပြောကြားသည်။

“ဘာသာရပ်တွေကို စဉ်းစားတွေးခေါ်ရမယ့် ပုံစံတွေကို ပြောင်းမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လို သင်တာဆိုတော့ ဓာတုဗေဒ၊ ရူပဗေဒနဲ့ သချာၤဘာသာရပ်တွေမှာ ဉာဏ်စမ်းမေးလို့ မရဘူး။ ကျောင်းသားက မေးခွန်းဖတ် မြန်မာပြန် နားလည်ပြီထားဦး၊ မြန်မာလို ပြန်ဖြေရတာ မဟုတ်တော့ အင်္ဂလိပ်လို ပြန်ဖြေဖို့ မလွယ်ပါဘူး။ မြန်မာလို သင်ရင်ကတော့ တွေးပြီး မြန်မာလို ဖြေတတ်ပါလိမ့်မယ်” ဟု ရေဦးမြို့နယ်မှ ကျူရှင်ဆရာ ဦးအောင်မြင့်သောင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း ကျောင်းသား ကျောင်းသူများအား ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုကို ဦးစားပေးသည့် မေးခွန်းအချို့ကိုလည်း ထည့်သွင်း မေးမြန်းခဲ့သည်။၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၇ ရက်၌ မြန်မာစာ၊ မတ်လ ၈ ရက်၌ အင်္ဂလိပ်စာ၊ မတ် ၉ ရက်၌ သင်္ချာ၊ မတ် ၁၂ ရက်၌ ဓာတုဗေဒ/စိတ်ကြိုက် မြန်မာစာ၊ မတ် ၁၃ ရက်၌ ရူပဗေဒ၊ မတ် ၁၄ ရက်၌ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် ၁၅ ရက်၌ ပထဝီဝင်၊ မတ် ၁၆ ရက်၌ သမိုင်းစသည့် ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ စာစစ်ဌာနများကို နိုင်ငံခြား စာစစ်ဌာန ၂၁ ခု အပါအဝင် တစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း ၁၇၄၂ ခု ဖွင့်လှစ်စစ်ဆေးခြင်း ဖြစ်သည်။

Most Read

Most Recent