မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား ပြန်လည်ပြင်ဆင် သတ်မှတ်ရန်အတွက် ချန်ထားကွက်များ စာရင်းပြုစုနေ

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား ပြန်လည်ပြင်ဆင် သတ်မှတ်ရန်အတွက် ချန်ထားကွက်များ စာရင်းပြုစုနေ
Published 2 May 2018

မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအား တွေ့ရစဉ်

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်ရန်အတွက် ချန်ထားကွက်များ စာရင်းပြုလုပ်နေကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး၊ မင်းဝံတောင် ဘေးမဲ့ကာကွယ်တော မူလဧရိယာ ၅၀၈၇၄ ဧက မှ  အသစ်ပြန်လည် သတ်မှတ်မည့် ၁၄၂၂၃ ဧကအတွင်းရှိ လယ်ယာမြေများနှင့် ကျောက်တူးဖော်ရေး လုပ်ကွက်များအား ချန်ထားကွက်အဖြစ် ဘေးမဲ့တောအတွင်း ထည့်သွင်းဖွဲ့စည်းသွားမည် ဖြစ်သဖြင့် စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန၊ စစ်ကိုင်းမြို့နယ် မြေစာရင်းဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ ပူးပေါင်းကာ ချန်ထားကွက်စာရင်းများ ပြုလုပ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ရုံးချုပ်ကနေ ဘေးမဲ့တောဧရိယာ ပြန်လည်ပြင်ဆင်ဖို့ လွန်ခဲ့တဲ့နှစ်က ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ရယ်၊ မြေစာရင်း၊ ထွေအုပ်တို့နဲ့ ကွင်းဆင်းပြီး ပယ်ဖျက်ဧရိယာ ၃၆၆၅၁ ဧက တွေ့ရှိပြီး ပြန်လည်ပြင်ဆင်မဲ့ ဧရိယာ ၁၄၂၂၃ ဧကကို ရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ အသစ်ပြန်လည် သတ်မှတ်မဲ့ ဧရိယာထဲမှာ လယ်ယာမြေနဲ့ ကျောက်လုပ်ကွက်တွေ ရှိနေသေးတဲ့အတွက် စာရင်းပြန်ကောက်နေပါတယ်။ စာရင်းအတိအကျထွက်ရင် ဘေးမဲ့တောထဲမှာ ချန်ထားကွက်အဖြစ် ထည့်သွင်းဖွဲ့စည်းသွားမှာပါ။ လောလောဆယ် လယ်ယာမြေဧက ၃၀၀၀ ကျော်နဲ့ ကျောက်လုပ်ကွက် ၄၁ ဧက တွေ့ရှိထားပါတယ်။ ဘေးမဲ့တောအဖြစ် ပြန်လည်ပြင်ဆင်ပြီးရင် လယ်ယာမြေနဲ့ ကျောက်လုပ်ကွက်တွေကို ထပ်မံတိုးချဲ့ခွင့် မပေးတော့ပါဘူး။ တားမြစ်ချက်ကို မလိုက်နာရင် သစ်တောဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု စစ်ကိုင်းမြို့နယ် သစ်တောဦးစီးမှူး ဦးညွှန့်လှိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့၊ ကိုးပေတံတားအနီးမှ မင်းဝံတောင်ရိုး တစ်လျှောက်အား ၁၉၇၁ ခုနှစ်က စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ခန့်မှန်းဧရိယာ ၇၉ ဒသမ ၄၉ စတုရန်းမိုင် (၅၀၈၇၄ ဧက) အား မင်းဝံတောင် ဘေးမဲ့ကာကွယ်တောဟု သတ်မှတ်ခဲ့ကာ ခေတ်အဆက်ဆက် မြို့တိုးချဲ့ခြင်း၊ သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေယာဖော်ဆောင်ခြင်း၊ စက်မှုဇုန်တည်ဆောက်ခြင်း၊ တက္ကသိုလ်ကျောင်း တည်ဆောက်ခြင်းတို့ကြောင့် မင်းဝံတောင် ဘေးမဲ့ကာကွယ်တောမှာ ဧရိယာ တစ်ဖြည်းဖြည်း လျော့နည်းပျောက်ကွယ် လာခဲ့ရကြောင်း သိရသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော အသစ်ပြန်လည် ဖွဲ့စည်းရန်အတွက် သောတပန်၊ ပါရမီ၊ ဇေယျာကွက်သစ်၊ ဇေယျာတိုးချဲ့၊ ရွှေမင်းဝံ၊ ပတ္တမြားရပ်ကွက်နှင့် စစ်ကိုင်းမြို့ နယ်ရှိ မင်းဝံတောင်ရိုးတစ်လျှောက် ကျေးရွာ ၃၆ ရွာနှင့် ဘုန်းကြီးကျောင်း ၉၉၄ ကျောင်း၊ သီလရှင်ကျောင်း ၄၂၁ ကျောင်း၊ စေတီပုထိုးပေါင်း ၁၄၇၆ စသည့် သာသနိက အဆောက်အအုံများကိုလည်း မင်းဝံတောင် ဘေးမဲ့တော ဧရိယာမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တောသည် တောခြောက် (တောနိမ့်) အမျိုးအစားဖြစ်ပြီး ပျဉ်းကတိုး၊ ပိတောက်၊ ယင်းမာ၊ သရင်းကြီး၊ တမာ၊ ထောက်ကြန့်၊ သန်း၊ ဒဟတ်၊ ရှား၊ တောရှောက်၊ ဆူးဘုတ်၊ နဘဲ၊ မျှင်ဝါး၊ တောင်ရိုးဝါးများ ပေါက်ရောက်ပြီး ချေသမင်၊ ယုန်၊ မြွေ စသည့် တောရိုင်းတိရစ္ဆာန်မျိုးစုံ ကျက်စားနေထိုင်လေ့ ရှိကြောင်း သိရပြီး ယခုအခါ မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအား ထိန်းသိမ်းရန် လိုအပ်နေခြင်းကြောင့် ဘေးမဲ့တော ဧရိယာအား အသစ်ပြန်လည် ပြင်ဆင်ရခြင်းဖြစ်ပြီး အသစ်ပြန်လည် ပြင်ဆင်ပြီးပါက ဘေးမဲ့ကာကွယ်တော ဘုတ်တိုင်ထောင်ခြင်း၊ အသိပေး ဆိုင်းဘုတ်ထောင်ခြင်း၊ နယ်နမိတ် သတ်မှတ်ခြင်း ဘေးမဲ့ကာကွယ်တောအတွင်း ခုတ်ထွင်ရှင်းလင်းတူးဆွခြင်း မပြုလုပ်ရန် တားမြစ်သွားမည်ဖြစ်ပြီး တားမြစ်ချက်ကို ဖောက်ဖျတ်ပါက တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ၃၆ (ဂ) နှင့် ထိထိရောက်ရောက် အရေးယူသွားဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent