အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် လှိုင်သာယာမြို့နယ်တွင် ပြုလုပ်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် လှိုင်သာယာမြို့နယ်တွင် ပြုလုပ်
Published 1 May 2018

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးစီး၍ ၁၂၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် လှိုင်သာယာမြို့နယ်တွင် မေ ၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ပွဲအား မေ ၁ ရက်၊ နံနက် ၈နာရီခွဲ  တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ အားကစားကွင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ  တာဝန်ရှိသူများ၊ အခြားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ယင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“စုရပ်ကို နဝဒေးအိမ်ရာမှာ လုပ်တယ်။ ပြီးတော့ အဲ့ဒီကနေ အားကစားကွင်းကို လမ်းလျှောက်ချီတက်ကြတယ်။ စက်ရုံအသီးသီးက အလုပ်သမားတွေ အများကြီးပါတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေလည်းပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လည်း တက်ရောက်ပါတယ်” မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပွဲမစတင်မီတွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ အလုပ်သမားနေ့ သဝဏ်လွှာအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ အလုပ်သမားဦးရေ ရာဂဏန်းခန့် တက်ရောက်ခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent