အလုပ်သမားနေ့၌ မန္တလေးမြို့ရှိ အလုပ်သမားအင်အား ၅၀၀ ကျော်က အလုပ်သမား အခွင့်အရေးများ ရရှိရေး လမ်းလျှောက်ချီတက်တောင်းဆို

အလုပ်သမားနေ့၌ မန္တလေးမြို့ရှိ အလုပ်သမားအင်အား ၅၀၀ ကျော်က အလုပ်သမား အခွင့်အရေးများ ရရှိရေး လမ်းလျှောက်ချီတက်တောင်းဆို
Published 1 May 2018

မေ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနား၌ မန္တလေးမြို့ရှိ အလုပ်သမားအင်အား ၅၀၀ ကျော်က အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ ရရှိရေးအတွက် မေ ၁ ရက် နံနက် ၇ နာရီအချိန်က မန္တလေးစက်မှုဇုန်မှ စတင်၍ မဟာအောင်မြေမြို့နယ် မနော်ရမ္မံ လူထုဟစ်တိုင် ကွင်းအထိ လမ်းလျှောက်ချီတက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

အလုပ်သမားနေ့ အခမ်းအနား ချီတက်လမ်းလျှောက်မှုကို မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ (မန္တလေးတိုင်း) အဖွဲ့တို့က ဦးဆောင်ပြုလုပ် ခဲ့ကြခြင်းဖြစ်ပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်အား အစိုးရမှ အမြန်ဆုံး လက်မှတ်ရေးထိုးပေးရေး၊ အလုပ်သမား အငြင်းပွားမှုများကို အမြန်ဆုံး ဖြေရှင်းပေးရေး အစရှိသည့် တောင်းဆိုချက်များဖြင့် ချီတက်တောင်းဆို ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီနေ့မေဒေးနေ့ အခမ်းအနား ပြုလုပ်ရတာက အလုပ်သမားတွေရဲ့ အခက်အခဲတွေကို အစိုးရက အလေးထား ဆောင်ရွက်ပေးလာဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။ အလုပ်သမား အငြင်းပွားမှုတွေမှာ ထောင်ဒဏ်ပြဋ္ဌာန်းပေးဖို့ ဆိုတာက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ အလုပ်သမားတွေ အလုပ်ထုတ်ခံရတယ်။ အလုပ်ရှင်ကတော့ ငွေရှိတော့ ငွေနဲ့ပဲ အလုပ်သမားကို ဖြေရှင်းပေးလိုက်တယ်။ ဒါကြောင့် ဥပဒေမှာ ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အနည်းဆုံး လုပ်ခလစာကို အစိုးရကနေ အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ပြဌာန်းပေးဖို့ တောင်းဆိုပါတယ်။ အခုကုန်ဈေးနှုန်းတွေက တက်လာနေတယ်။ အလုပ်သမားတွေက အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အနည်းဆုံး လုပ်ခလစာကို အစိုးရကနေ အမြန်ဆုံး ပြဋ္ဌာန်းမပေးမချင်း၊ အလုပ်သမား အခွင့်အရေးတွေ မရမချင်း တောင်းဆိုဆန္ဒ ထုတ်ဖော်တာတွေ လုပ်ဆောင်သွားမှာပါ” ဟု စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ (မန္တလေးတိုင်း) အတွင်းရေးမှူး ကိုတင့်ထင်စိုးက ပြောကြားသည်။

ထိုသို့ ချီတက်ဆောင်းဆိုရာတွင် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်အား အစိုးရမှ အမြန်ဆုံး လက်မှတ်ရေးထိုးပေးရေး၊ အလုပ်သမား အငြင်းပွားမှုများကို အမြန်ဆုံး ဖြေရှင်းပေးရေး၊ အလုပ်သမား ခေါင်းဆောင်များအား အလုပ်မှ ထုတ်ပယ်မှု ရပ်တန့်ရေး၊ အလုပ်သမား တရားရုံးများ ပေါ်ပေါက်ရေး၊ အလုပ်သမား အငြင်းပွားမှုတွင် ထောင်ဒဏ်ထည့်သွင်းပေးရေး အစရှိသည့် တောင်းဆိုချက် ငါးချက်ဖြင့် ကြွေးကြော်သံများ၊ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ချီတက်တောင်းဆို ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ အဆိုပါ ချီတက်တောင်းဆိုမှုကို မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ခဲ့ကြပြီးနောက် အလုပ်သမားခေါင်းဆောင် အချို့က ဟောပြောမှုများ ပြုလုပ်ခဲ့ကာ မွန်းတည့် ၁၂ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။

 

Most Read

Most Recent