FDA ဝန်ထမ်းအမျိုးသမီးကို သားမယားပြုကျင့်ပြီး သတ်ခဲ့သည်ဟုဆိုသည့် အငှားယာဉ်မောင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) ဖြင့် စွဲချက်တင်အမိန့်ချ

FDA ဝန်ထမ်းအမျိုးသမီးကို သားမယားပြုကျင့်ပြီး သတ်ခဲ့သည်ဟုဆိုသည့် အငှားယာဉ်မောင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) ဖြင့် စွဲချက်တင်အမိန့်ချ
Published 1 May 2018

စွဲချက်တင်ခံရသည့် အဌားယာဉ်မောင်း မျိုးဇော်ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်က တွေ့ရစဉ်

FDA ဝန်ထမ်းအမျိုးသမီးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည်ဟုဆိုသည့် အငှားယာဉ်မောင်းအမျိုးသားအား ဧပြီ ၃၀ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ (၁) (ဂ)ဖြင့် စွဲချက်တင်အမိန့်ချခဲ့ကြောင်း သိရသည်။

အငှားယာဉ်မောင်းမျိုးဇော်ဦးမှာ ပြစ်မှုကျုးလွန်စဉ်အတွင်း FDA ဝန်ထမ်းအမျိုး သမီးထံမှ လက်ဝတ်လက်စားလုယက်ခြင်း၊ ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်ခြင်း၊ မုဒိမ်းမှုကျုးလွန်နေစဉ်အတွင်း လူသတ်မှု ထပ်မံကျုးလွန်ခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂(၁) (ဂ)ဖြင့် စွဲချက်တင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မျိုးဇော်ဦးကို ပုဒ်မ-၃၀၂ (၁) (ဂ)နဲ့ ဒီနေ့မှာ စွဲချက်တင်အမိန့်ချတယ်။ တရားသူကြီးက မျိုးဇော်ဦးကို အပြစ်ရှိလားမေးတော့ သူကအပြစ်မရှိဘူးဆိုပြီး တရားခွင်မှာ ထွက်ဆိုခဲ့တယ်။ အဲဒီအပြင်အမှုနဲ့ ပတ်သက်ပြီး ရဲကိုထွက်ဆိုထားတဲ့ ဖြောင့်ချက်ကိုလည်း ပြန်လည်ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါအမှုမှ အမှုရင်ဆိုင်နေရသူ မျိုးဇော်ဦးဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောကြားသည်။

ရုံးချိန်းအား လာမည့် မေ ၇ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် တရားလို ဒုရဲအုပ် ချမ်းမြေ့အောင်အား ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“တရားလိုဒုရဲအုပ်ကို ပြန်ခေါ်သက်သေအဖြစ် ပြန်လည်မေးမြန်းသွားမှာပါ။ မျိုးဇော်ဦးဘက်ကလည်း သူ့ဘက်ကနေ ထွက်ဆိုဖို့ သူ့ဦးလေးကို တရားခံပြသက်သေအဖြစ် တင်သွင်းထားပါတယ်” ဟု  အဆိုပါအမှုမှ အမှုရင်ဆိုင်နေရသူ မျိုးဇော်ဦးဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောကြားသည်။

မျိုးဇော်ဦးအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ) မှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏ အလောင်းအား ဇန်နဝါရီ ၂၁ ရက်တွင် ဒဂုံမြောက်မြို့နယ်၊ (၃၃) တိုးချဲ့ ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူးတံတားနံဘေး ကုလားမန်ကျည်းပင်အောက်၌ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ကျူးလွန်သူ မျိုးဇော်ဦးအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ဇန်နဝါရီ ၂၀ရက် ည ၇ နာရီကျော်ခန့် တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်မှ သေဆုံးသူ မရွှေရည်ဝင်းမှာ ဒဂုံမြို့နယ် သို့ပြန်ရန် ၎င်း၏ အငှားယာဉ်အားငှားရမ်းစီးနင်းခဲ့ကြောင်း၊ ထိုသို့ လိုက်ပါစီးနင်းစဉ် ကားငှားခနှင့်ပတ်သက်ပြီး ဈေးဆစ်ရာမှ ၎င်းတို့နှစ်ဦးမှာ စကားများခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ စကားများရာမှ မျိုးဇော်ဦးမှာ မရွှေရည်ဝင်း၏ လည်ပင်းအား ညှစ်ရာ သတိလစ်သွားခဲ့ပြီး မရွှေရည်ဝင်းအား ၎င်းနေထိုင်ရာ ဒဂုံမြောက်မြို့နယ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ယင်းနောက်လမ်းဘေး အမှောင်ရိပ်အတွင်း မရွှေရည်ဝင်း၏လည်ပင်းအား ဝက်အူလှည့်ဖြင့် တစ်ချက်ထိုးခဲ့ကြောင်း၊ မရွှေရည်ဝင်းမသေဆုံးမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အလောင်းအား ငမိုးရိပ်ချောင်းကူး တံတားနံဘေးသစ်ပင်အောက်တွင် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့၏  ကနဦး ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

Most Read

Most Recent