မှော်ဘီမြို့နယ် သပြေကုန်းကျေးရွာအနီးတွင် အသတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

မှော်ဘီမြို့နယ် သပြေကုန်းကျေးရွာအနီးတွင် အသတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ
Published 1 May 2018

မှော်ဘီမြို့နယ် သပြေကုန်းကျေးရွာအနီးတွင်  အသတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါအသတ်ခံထားရသည့် အမျိုးသားအလောင်းကို ဧပြီ ၂၉ ရက် နံနက် ၆ နာရီခန့်တွင် သပြေကုန်းရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား ရဲတာဝန် ရှိသူများစစ်ဆေးရာ မျက်ခုံးပြတ်ရှဒဏ်ရာတစ်ချက်၊ နောက်စေ့ဖူးရောင် ဒဏ်ရာတစ်ချက်၊ လည်ပင်းညိုမည်းစွဲဒဏ်ရာ စသည့်ဒဏ်ရာများရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကာ သေဆုံးသူမှာ ယင်းမြို့နယ်၊ သပြေကုန်းကျေးရွာတွင် နေထိုင်သည့် ပန်းရံအလုပ်ကို လုပ်ကိုင်နေသူ ကို..... (၁၉နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

“သေဆုံးသူက ဧပြီ ၂၈ ရက် ညနေပိုင်းမှာ သူ့ယောက္ခမနေအိမ်ကို ဆိုင်ကယ်နဲ့ သွားခေါ်တယ်လို့ သိရတယ်။ အဲဒီလိုသွားခေါ်တဲ့ သားဖြစ်သူဟာ ည ၁၀ နာရီခွဲခန့် အထိ နေအိမ်ကို ပြန်မရောက်သေးလို့ အမေဖြစ်တဲ့သူက ဖုန်းလှမ်းဆက်သေးတယ်လို့ သိရတယ်။ ဖုန်းဆက်တော့ သေဆုံးသူက သူ့အမေကို ခဏနေရင်ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်လို့ သိရတယ်။ အဲဒီလိုနဲ့ မနက်ကျမှ သူ့သားသေဆုံးနေတာကို့ သိရတာပါ။ လက်ရှိမှာတော့အမှုကို လူသတ်မှုနဲ့အမှုဖွင့်ထားပါတယ်။ ကျူးလွန်သူက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ဆက်လက်စုံစမ်းနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။

Most Read

Most Recent