ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ဂျပန်အစိုးရမှ အိုဒီအေချေးငွေ ပေးအပ်နိုင်ရန် ဂျပန်-မြန်မာ ပူးတွဲကော်မတီ ဖွဲ့စည်းရေး ကနဦးဆွေးနွေးခဲ့ကြောင်း သိရ

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ဂျပန်အစိုးရမှ အိုဒီအေချေးငွေ ပေးအပ်နိုင်ရန် ဂျပန်-မြန်မာ ပူးတွဲကော်မတီ ဖွဲ့စည်းရေး ကနဦးဆွေးနွေးခဲ့ကြောင်း သိရ
Published 1 May 2018

(MLIT) မှ State Minister H.E.Mr Tsukasa Akimoto နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေးမှုပြုလုပ်နေစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် ဂျပန်အစိုးရမှ အိုဒီအေချေးငွေ ပေးအပ်နိုင်ရန် ဂျပန်-မြန်မာ ပူးတွဲကော်မတီဖွဲ့စည်းရေး ကနဦးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအား ဂျပန်အစိုးရနှင့် ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံမှ Ministry of land , Infrastructure, Transport and Tourism (MLIT) မှ (MLIT) မှ State Minister H.E.Mr Tsukasa Akimoto နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဧပြီ ၃၀ ရက်က Park Royal ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို နှစ်နိုင်ငံအစိုးရ ဆောင်ရွက်မှုနဲ့ဆက်ပြီး ဆောင်ရွက်သွားမယ်။ အစိုးရအချင်းချင်း ပူးပေါင်းတည်ဆောက်သွားမှာမို့ တင်ဒါလည်း ပြန်မခေါ်တော့ဘူး။ အခုလောလောဆယ်တော့ ဂျပန်ဘက်က  အိုဒီအေချေးငွေပေးနိုင်ဖို့ ဂျပန်-မြန်မာ ပူးတွဲကော်မတီ လေးဖွဲ့ရင်ကောင်းမယ်လို့ အကြံပြုလာတယ်။ ဆုံးဖြတ်ချက်တော့ သေချာမချရသေးဘူး” ဟု (MLIT) မှ State Minister H.E.Mr Tsukasa Akimoto နှင့် တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် အနာဂတ်လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံတော်စီမံကိန်းဖြစ်သဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ဂျပန်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စီမံကိန်းနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ၂၀၁၈ခုနှစ်၊ မတ်လအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဟံသာဝတီ လေဆိပ်တည်ဆောက်ရေး Concession Agreement ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းမှုကော်မတီနှင့် HIAMCL တို့အကြား ညှိနှိုင်းဆွေးနွေးပွဲ ငါးကြိမ်နှင့် Technical Working Group Meeting အစည်းအဝေးတစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ရာတွင် အဓိကကျသည့် အချက်များအပေါ် သဘောတူညီမှု မရနိုင်သေးမီ Framework Agreement စာချုပ်သက်တမ်း နှစ်နှစ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်သက်တမ်း မကုန်ဆုံးမီ နှစ်ဦးနှစ်ဖက်စလုံးမှ စာချုပ်ပါစည်းကမ်းချက်များအရ သက်တမ်းတိုးမြှင့်ရန် အဆိုပြုခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထိုသို့စာချုပ်သက် တမ်းကုန်ဆုံးသွားခြင်းကြောင့် စာချုပ်ပါ စည်းကမ်းချက်များအရ Framework Agreement အား ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းသည် နိုင်ငံတော်၏ အနာဂတ်လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် စီမံကိန်းတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သဖြင့် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

Most Read

Most Recent