မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတည်ဆောက်နေမှု အစိုးရအနေဖြင့် ပံ့ပိုးပေးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတည်ဆောက်နေမှု အစိုးရအနေဖြင့် ပံ့ပိုးပေးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 1 May 2018

သင်္ဘောကွေ့ကျေးရွာတွင်ရှိသည့် ဒေသခံတိုင်းရင်းသားများနေထိုင်သည့် ယာယီနေအိမ်များကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတည်ဆောက်နေမှုကို အစိုးရအနေဖြင့်ပံ့ပိုးပေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါကျေးရွာသည်  ယခင်ကရခိုင် တိုင်းရင်းသားများနေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် တိုင်းရင်းသားများ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဒေသခံများက ကူညီပံ့ပိုးကာ ကျေးရွာတည်ဆောက်နိုင်ရေး၊ ဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေးတို့အတွက် လုပ်ဆောင်လျက်ရှိသော်လည်း အစိုးရအနေဖြင့်  ဟန့်တားမှုများရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က မောင်တောတောင်ပိုင်းမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ တိုးလာဖို့၊ တခြားကလူတွေ အခြေချလာနိုင်ဖို့အတွက် ကူညီပံ့ပိုးပေးတယ်။ သင်္ဘောကွေ့ ကျေးရွာမှာ ရွာတည်ဆောက်တာ အိမ်ခြေ ၄၀ လောက်ရှိနေပြီပေါ့၊ အဲဒါကိုအစိုးရဘက်က ဟန့်တားမှုတွေ လုပ်ခဲ့တာရှိတယ်။ ဒါဟာ နယ်မြေလုံခြုံရေးအတွက် လုပ်တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အားပေးသင့်တယ်၊ ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်။ ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း ၁၉၄၂ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ တိုင်းရင်းသားကျေးရွာတွေ တည်ဆောက်ပေးဖို့အတွက် အဆိုအောင်မြင် အတည်ပြုထားပြီးဖြစ်ပေမယ့် အခုထိ အစိုးရဘက်က ပံ့ပိုးကူညီတာမတွေ့ရသေးဘူး။ ဒီလိုမကူညီရင် ဘယ်သူတွေကလာပြီး နေထိုင်ကြမှာလဲ။ ဘင်္ဂါလီတွေ လက်ခံရေးလောက်တောင် တိုင်းရင်းသားတွေအပေါ်မှာ အလေးထားမှု မတွေ့ရဘူး” ဟု ဘူးသီးတောင်မြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောကြားသည်။

ယင်းအတွက် အစိုးရအနေဖြင့် ပူးပေါင်းပါဝင်ပေးရန်လိုအပ်ကြောင်း၊ ထိုသို့မပါဝင်ခြင်းသည် တိုင်းရင်းသားများ၏ အခွင့်အရေး ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကာ တိုင်းရင်းသားများ အရေးကိုလည်း ထဲထဲဝင်ဝင်လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားကျေးရွာ မြောက်မြားစွာ တည်ဆောက်ရန် လိုအပ်နေသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“လူနည်းစုဖြစ်နေတဲ့ တိုင်းရင်းသားတွေ အနေနဲ့ ဘင်္ဂါလီတွေကြားမှာ နေထိုင်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ကျေးရွာတွေ အင်နဲ့အားနဲ့ တည်ဆောက်ပြီး စုပေါင်းနေထိုင်နိုင်မှသာ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှာဖြစ်တယ်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလည်း ဖြစ်မယ်။ နယ်မြေလုံခြုံရေးတွေ လုပ်နေပါတယ်လို့ အစိုးရဘက်က ကျွန်တော်တို့ကို ပြောတာရှိပေမယ့် မြေပြင်မှာ ကွာခြားနေတယ်။  တိုင်းရင်းသားတွေရဲ့ ဘဝရပ်တည်ချက်အရေးဟာ နိုင်ငံ့အရေးလည်း ဖြစ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး” ဟု ဦးအောင်သောင်းရွှေက ပြောကြားသည်။

မောင်တောတောင်ပိုင်း ကိုးတန်ကောက်နှင့် အင်းဒင်ကျေးရွာများတွင်လည်း ရခိုင်ပြည်နယ် အနှံ့အပြားမှ လာရောက်နေထိုင်သူများရှိနေသည့်တိုင် လူမှုအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုကိုသာရရှိပြီး အစိုးရဘက်မှကူညီပံ့ပိုးမှုကို မရရှိသေးသည်ကို တွေ့ရှိရကြောင်းနှင့် လူမှုအဖွဲ့အစည်းအချို့မှ ယာယီနေအိမ်များ ဆောက်လုပ်ပေးထားမှုများကို တွေ့ရှိရကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်းကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများအနီး၌ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ARSA အကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူသုံးခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

Most Read

Most Recent