မင်းကွန်းဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်သုံးလုံးပေါ်သစ်ပင်ပြိုလဲကာ တစ်ဦး ထိခိုက်ဒဏ်ရာရ

မင်းကွန်းဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်သုံးလုံးပေါ်သစ်ပင်ပြိုလဲကာ တစ်ဦး ထိခိုက်ဒဏ်ရာရ
Published 1 May 2018

ဧပြီ ၂၉ ရက်က လေပြင်းတိုက်၍ ပြိုလဲခဲ့သည့် သစ်ပင်ကြီးတစ်ပင်အား ရှင်းလင်းနေသည်ကို စစ်ကိုင်းမြို့နယ် မင်းကွန်းယဉ်ကျေးမှုဒေသတွင် တွေ့ရစဉ်

စစ်ကိုင်းမြို့နယ် မင်းကွန်းယဉ်ကျေးမှုဒေသတွင် ဧပြီ ၂၉ ရက် ည ၈ နာရီခွဲခန့်က မိုးသက်လေပြင်းကျရောက်၍ လူနေအိမ်သုံးလုံးပေါ် သစ်ပင်ပြိုလဲကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မင်းကွန်းအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“မင်းကွန်းမှာ မနေ့ညက လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ လေပြင်းတိုက်မှုကြောင့် လုံးပတ် ရှစ်ပေ၊ ပေ ၅၀ ရှည်တဲ့ ယင်းမာပင် အမြစ်ကျွတ်ထွက်ပြီး လူနေအိမ်သုံးလုံးပေါ် ပြိုလဲခဲ့တယ်။ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကိုင်းခုတင် ၂၀၀ ပြည်သူ့ဆေးရုံကို ပို့ထားပါတယ်” ဟု မင်းကွန်းအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောကြားသည်။

ထို့ပြင် မင်းကွန်းဘိုးဘွားရိပ်သာအတွင်းရှိ အဆောက်အအုံတစ်လုံးပေါ်သို့ သစ်ပင်ကိုင်းပြတ်ကျခြင်း၊ ရှားတော၊ ဈေးဆိပ်၊ ရွာသစ်ရွာများတွင်လည်း သစ်ကိုင်းများ ကျိုးကျခြင်း၊ နေအိမ်များ အမိုးပျက်စီးခြင်း၊ အမိုးလန်ခြင်းနှင့် မင်းကွန်း ခြင်္သေ့နှစ်ကောင်အနီးရှိ ကုက္ကိုပင်ကြီးတစ်ပင် ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် သစ်ပင်များမှာ လူနေအိမ်များ အပေါ်သို့ ပြိုလဲကျသဖြင့် စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်မီးသတ် ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများမှ ဧပြီ ၃၀ နံနက်ပိုင်းက စတင်၍ ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent