၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးမတိုင်မီ အစိုးရနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံပွဲ ထပ်မံပြုလုပ်မည်

၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးမတိုင်မီ အစိုးရနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံပွဲ ထပ်မံပြုလုပ်မည်
Published 1 May 2018

လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးရေး အစည်းအဝေးကို နေပြည်တော်ရှိ NRPC တွင် ဧပြီ ၂၁ ရက်က ပြုလုပ်နေစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးမတိုင်မီ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အလွတ်သဘောတွေ့ဆုံပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား မေလကုန်တွင်ကျင်းပရန်စီစဉ်ထားသဖြင့် အဆိုပါအစည်းအဝေးမတိုင်မီ အစိုးရနှင့် ထပ်မံတွေ့ဆုံရန်ရှိ မရှိမေးမြန်းမှုအပေါ် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

“တွေ့တာကတော့ အထပ်ထပ်ပဲဗျ။ ၁၀ ရက်နဲ့ ၁၅ ရက်ကြားမှာ လုံခြုံရေးရော၊ နိုင်ငံရေးရော အလွတ်သဘောတွေ့မယ်။ ပြီးတာနဲ့ အတွင်းရေးမှူးအဖွဲ့ရှိတယ်။ UPDJC အတွင်းရေးမှူးအဖွဲ့ တစ်ခါတည်းဆက်တွေ့မယ်။ UPDJC အတွင်းရေးမှူးပြီးတာနဲ့ UPDJC ကဖွဲ့ထားပေးတဲ့ လုပ်ငန်းကော်မတီ ဆက်တွေ့မယ်။ လုပ်ငန်းကော်မတီပြီးတာနဲ့ UPDJC ။ UPDJC ပြီးတာနဲ့ ၂၁ ရာစု ပင်လုံပေါ့။ အဲဒါ မေလတစ်လလုံးကတော့ ခပ်သုတ်သုတ်လေးလုပ်နိုင်မှ ဆုံးဖြတ်ချက်နဲ့အမီ အချိန်မီမယ်ဗျ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အစိုးရနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်က နေပြည်တော်၌ အလွတ်သဘော ဆွေးနွေးပွဲပြုလုပ်ထားသည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံပွဲ၌ နိုင်ငံရေးကဏ္ဍဆိုင်ရာ ကိစ္စများဆွေးနွေးရာတွင် တစ်ဆို့မှုများကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။

သို့ရာတွင် လုံခြုံရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် အခြေအနေကောင်းသော်လည်း နှစ်ဖက်သဘောတူညီမှု အရဟုဆိုကာ ဆွေးနွေးမှုအကြောင်းအရာများအား ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

၂၁ ရာစုပင်လုံတတိယအကြိမ် အစည်းအဝေးကို မူလက ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ခြင်း မရှိသေးသည့် အခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဧပြီလကုန် မေလဆန်းတွင်ပြုလုပ်ရန် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ထပ်မံဆုံးဖြတ်ထားသော်လည်း လက်ရှိအခြေအနေများအရလည်း မေလဆန်းတွင် ကျင်းပနိုင်ခြင်းမရှိပေ။

RCSS/SSA က ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိထားသော်လည်း အကြိုလူထုတွေ့ဆုံပွဲ ကိစ္စရပ်ကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ပြုလုပ်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားပြီး လက်ရှိတွင် ဆွေးနွေးပွဲကျင်းပနိုင်ရန် အစိုးရဘက်မှ RCSS/SSA သို့ ရွေးချယ်နိုင်ရန် နည်းလမ်းများ ကမ်းလှမ်းထားသည်။

သို့ရာတွင် RCSS အနေဖြင့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအမီ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်ရှိ မရှိအား RCSS တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိသဖြင့် ကွဲကွဲပြားပြား မသိရပေ။

NCA စာချုပ်တွင် ထပ်မံရေးထိုးထားသည့် မွန်ပြည်သစ်ပါတီအနေဖြင့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးနိုင်ရန် မွန်လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးကို မေ ၅ ရက်မှစတင်ကာ မွန်ပြည်နယ်ရေးမြို့၌ ပြုလုပ်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့်အတူ NCA ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) သည် NCA မရေးထိုးမီ အစိုးရနှင့် နှစ်ဖက်သဘောတူစာချုပ်များမရှိသဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရှိကြောင်း သိရသည်။

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေအရ အစိုးရဘက်မှ ပြုလုပ်ခွင့်မပေးသေးသဖြင့် NCA ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီဖွဲ့စည်းထားမှုကိုပင် ပြန်လည်ဖျက်သိမ်းခဲ့ပြီး Policy Development စာတမ်းပုံစံဖြင့်  ညီလာခံသို့ ၎င်းတို့၏ သဘောထားအား တင်သွင်းဖွယ်ရှိနေကြောင်း သိရသည်။

NCA စာချုပ်အား ကနဦးရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်ထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု တရားဝင်ကြေညာထာသည်။

သို့ရာတွင် လာမည့်မေလဆန်းတွင် PPST အစည်းအဝေးပြုလုပ်ရန်ရှိပြီး အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အစိုးရနှင့် ပူးတွဲလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အခြေအနေများအပါအဝင် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားထားသည်။

Most Read

Most Recent