အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ အား သမ္မတက မေလအတွင်း အတည်ပြုလက်မှတ် ထိုးပေးရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ အား သမ္မတက မေလအတွင်း အတည်ပြုလက်မှတ် ထိုးပေးရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 1 May 2018

အနည်းဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ အား သမ္မတက မေလအတွင်း အတည်ပြုလက်မှတ် ထိုးပေးရန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စုံစမ်းသိရှိရသည်။

အနည်းဆုံး လုပ်ခလစာအား တစ်နာရီလျှင် ကျပ် ၆၀၀၊ တစ်ရက်လျှင် ကျပ် ၄၈၀၀ အဖြစ် အဆိုပြုနှုန်းထား ထွက်ရှိခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ သမ္မတက အတည်ပြုလက်မှတ် ထိုးပေးခြင်း မရှိသေးပေ။

သမ္မတက အတည်ပြုလက်မှတ် ထိုးပေးခြင်း မရှိသေးသော်လည်း အချို့စက်ရုံ၊ အလုပ်ရုံများက အလုပ်သမားများကို အနည်းဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ နှုန်းဖြင့် ပေးနေပြီ ဖြစ်သော်လည်း အချို့စက်ရုံ၊ အလုပ်ရုံများမှာ ကျပ် ၄၈၀၀ နှုန်းအတိုင်း လုပ်အားခပေးချေခြင်း မရှိသေးကြောင်း သိရသည်။

“အနည်းဆုံး အခကြေးငွေကို ဝန်ကြီး ဌာနအနေနဲ့ သမ္မတရုံးကို မတင်ဘူး ဆိုတာတွေက မဟုတ်ပါဘူး။ တင်ရမယ့် အစီအစဉ်က ကော်မတီတစ်ခုကို တင်ရတယ်။ အဲဒီကော်မတီက လာမည့်အပတ်မှာ အစည်းအဝေး ကျင်းပမယ်။ အဲ့ဒီမှာ တင်ပြီးရင် အစိုးရအဖွဲ့ ကက်ဘိနက်ကို တင်ရမယ်။ ကက်ဘိနက်ကို တင်ပြီးရင်တော့ အတည်ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ကျပ် ၄၈၀၀ သတ်မှတ်ထားတယ်လို့ ပြောထားတဲ့အတွက် ဒီဟာက မလွဲမသွေ အတည်ဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဧပြီ ၂၈ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်း ပြုလုပ်သော မြန်မာ့လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

အနည်းဆုံး လုပ်ခလစာ တစ်ရက် ကျပ် ၄၈၀၀ ကို မေလအတွင်း အလုပ်သမားများ အကျိုးခံစားခွင့် ရရှိနိုင်ကြောင်းကို အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က "အနည်းဆုံး အခကြေးငွေကို မေလထဲမှာ သမ္မတက အတည်ပြုလက်မှတ် ထိုးပေးဖို့ ရှိနိုင်တယ်။ မကြာခင်မှာ အစည်းအဝေးတစ်ခု ပြီးတာနဲ့ အတည်ပြု ဖြစ်ပါတယ်" ဟု ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်တွင် အစိုးရက တစ်နာရီလျှင်၄၅၀ကျပ်၊ တစ်ရက် ၃၆၀၀ ကျပ်အဖြစ် ပထမအကြိမ် သတ်မှတ်ခဲ့သည်။ ယခုထွက်ရှိမည့် ဒုတိယအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်တစ်ရက် ကျပ် ၄၈၀၀ နှင့် လုပ်သား ၁၀ ဦးနှင့် အထက်လုပ်ငန်းများတွင် အနည်းဆုံး အခကြေးငွေ နှုန်းထားအတိုင်း လစာပေးချေရမည်ဟု မတ် ၅ ရက်တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီက သတ်မှတ်ခဲ့ပြီး သမ္မတက ယင်းသတ်မှတ်ချက်ကို လက်မှတ်ရေးထိုး၍ အတည်ပြုရန်သာ လိုတော့ခြင်းဖြစ်သည်။

အဆိုပါ တစ်ရက်လုပ်ခကြေးငွေ ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်ရန်အတွက် တနိုင်ငံလုံးရှိ အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်ရှင်များ၊ အစိုးရတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပြီး ယင်းကဲ့သို့ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent