နိုင်ငံတကာမှ ရော်ဘာကုန်ချောထုတ်လုပ်သည့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာစေရန် ပြည်တွင်း၌ ရော်ဘာကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်သည့် စက်မှုဇုန်များတည်ထောင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဟုဆို

နိုင်ငံတကာမှ ရော်ဘာကုန်ချောထုတ်လုပ်သည့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာစေရန် ပြည်တွင်း၌ ရော်ဘာကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်သည့် စက်မှုဇုန်များတည်ထောင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဟုဆို
Published 1 May 2018

မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

နိုင်ငံတကာမှ ရော်ဘာကုန်ချောထုတ်သည့် ကုမ္ပဏီများ ပြည်တွင်းသို့ ပိုမိုဝင်ရောက် ရင်းနှီးမြှုပ်နှံလာစေရန် မွန်ပြည်နယ်အပြင် ရော်ဘာစိုက်ဧကနှင့် ရော်ဘာအထွက်များသော ပြည်နယ်နှင့်တိုင်းများတွင် နိုင်ငံတကာ အဆင့်မီ ရော်ဘာကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်ရန် စက်မှုဇုန်များ တည်ထောင်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“ပြည်တွင်းသုံးစွဲမှုက မတက်လာဘူး ဖြစ်နေတယ်။ အဓိကက ကျွန်တော်တို့တိုင်းပြည်က ပြည်တွင်းသုံးစွဲမှုတက်လာပြီးတော့ ကုန်ချောတွေ အမြောက်အမြားထုတ်လာလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်ကထွက်တဲ့ ရော်ဘာတွေသည်လည်း နိုင်ငံခြားကို Export ပို့ရတဲ့ကိစ္စတို့၊ နိုင်ငံခြားကို အားကိုးရတဲ့ကိစ္စတို့ ကျွန်တော်တို့ အများကြီးလျော့သွားမယ်။ အဲဒီဟာအတွက် ဒီဘက်ကိုပြန်ကြည့်တဲ့အခါကျတော့လည်း ပြည်တွင်းကို ရင်းနှီးမြှုပ်နှံမှုနဲ့လာပြီး စက်ရုံလာဆောက်ဖို့ အတွက်က အဓိကလိုအပ်ချက်က ကျွန်တော်တို့ မြေယာလိုအပ်ချက် အခြေခံအဆောက်အအုံ၊ ပြီးတဲ့အခါကျတော့ ဥပဒေ။ ဥပဒေတွေက လိုအပ်နေတာ အများကြီးရှိနေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်မှုနဲ့လာမယ့်သူတွေက သူတို့က ကျွန်တော်တို့နိုင်ငံကနေထုတ်တဲ့ ကုန်ကြမ်းတွေသည် သူတို့လိုချင်တဲ့ အရည်အသွေးထွက်ပြီလား စဉ်းစားတယ်။ သူတို့လိုချင်တဲ့ အရေအတွက်ရော ရနိုင်ရဲ့လား။ အဲဒီဟာကို စဉ်းစားတဲ့အခါကျတော့ သူတို့လိုချင်တဲ့ အရေအတွက်ကတော့ရနိုင်တယ်။ သို့သော်လည်း သူတို့လိုချင်တဲ့ အရည်အသွေးပိုင်းအနေနဲ့က ကျွန်တော်တို့အများကြီး ကြိုးစားဖို့လိုသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အတင်းမောင်းနှင်နေတာက နိုင်ငံတကာ ပေါက်ဈေးနဲ့အညီ ကျွန်တော်တို့ ဈေးကောင်းလည်းရအောင် ပြည်တွင်းကိုလည်း နိုင်ငံခြားကနေပြီးတော့ ကုန်ချောစက်ရုံတွေ ဝင်ရောက်လာအောင်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံတကာမှ ရော်ဘာကုန်ချောထုတ်လုပ်သည့် ကုမ္ပဏီများ ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံလာပါက ပြည်တွင်းရော်ဘာများကို ပြည်ပသို့တင်ပို့မှုထက် ပြည်တွင်း၌ပင် နိုင်ငံတကာဈေးနှုန်းအတိုင်း ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကုန်ချောစက်ရုံတွေ ဝင်ရောက်လာလို့ရှိရင် သူတို့လိုချင်တဲ့ ကုန်ကြမ်းတွေ ထုတ်ပေးနိုင်တဲ့အခါကျရင် အဲဒီစက်ရုံတွေက ကျွန်တော်တို့ကုန်ကြမ်းတွေကို နိုင်ငံတာက ဈေးနဲ့ပဲ ကျွန်တော်တို့ဆီက ဝယ်ရမှာ။ ဒီလိုဆို သူတို့က သူတို့တိုင်းပြည်ကိုပို့ရမယ့် သယ်ယူပို့ဆောင်ရေးစရိတ်တွေက အများကြီး သက်သာသွားတဲ့အခါကျတော့ ကျွန်တော်တို့တိုင်းပြည်က ကုန်ကြမ်းတွေကို အမြောက်အမြား သုံးပေးနိုင်မယ်” ဟု ဦးခိုင်မြင့်က ပြောကြားသည်။

Most Read

Most Recent