ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းသည်ဟု ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းထား

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းသည်ဟု ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းထား
Published 1 May 2018

ထောင်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် ဒုရဲမှူးမိုးရန်နိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းသည်ဟု ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်အား ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးသူစိုးက ဧပြီ ၃၀ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားသည်။

ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရသော ဒုရဲမှူး မိုးရန်နိုင်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်သို့ ဧပြီ ၂၇ ရက်တွင် လွှဲပြောင်းပို့ဆောင်ကာ ချုပ်နှောင်ထားကြောင်း အကျဉ်းဦးစီးဌာနမှ မေးမြန်းသိရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးမျိုးသူစိုးက “ဟုတ်ပါတယ်ခင်ဗျ။ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ရဲတရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာပါ။ ကျွန်တော်တို့ အကျဉ်းဦးစီးကို လွှဲထားပါပြီခင်ဗျ” ဟု ပြောကြားသည်။

ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် နေပြည်တော်ရှိ ရဲတရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းသည် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့နှစ်ဦး၏ အမှုတွင် တရားလိုပြသက်သေအဖြစ် ပါဝင်နေပြီး မေ ၂ ရက်ရုံးချိန်းတွင် ရုံးတော်သို့ ထပ်မံလာရောက်ရန် မြောက်ပိုင်းခရိုင် တရားရုံးက ညွှန်ကြားထားသည်။

ဒုရဲမှူးမိုးရန်နိုင်ကို စတင်ချုပ်နှောင်ခံရသည့် အချိန်မှစ၍ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရသည့်အချိန်ထိ တွေ့ဆုံခွင့် မရသေးကြောင်းနှင့် လာမည့် မေ ၂ ရက် ရုံးချိန်းတွင် သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင်၏ဇနီး ဒေါ်တူးတူးက ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။

ဒေါ်တူးတူးက “မနေ့က ညနေကမှ သူထောင်ဒဏ်ချခံရတာ ကျွန်မတို့သိတယ်။ သူနဲ့ လည်း ဒီနေ့အချိန်ထိ မတွေ့ရသေးပါဘူး။ ရုံးထုတ်နေ့ကျရင် သွားတွေ့ဖို့ အစီအစဉ်ရှိပါတယ်။ အခုလို သူ့ကို ထောင်ဒဏ်ချလိုက်တာ ဘာမှမပြောနိုင်လောက်အောင် တုန်လှုပ်တယ်ပေါ့နော်။ ဘာမှတော့ မပြောတော့ပါဘူး” ဟု ဧပြီ ၃၀ ရက်က ပြောကြားသည်။

 

Most Read

Most Recent