အခြားသူ၏စက်ဘီး ယူလာသည့် ကိုးနှစ်အရွယ် ကလေးငယ်အား ဆွေမျိုးတော်စပ်သူများက လမ်းဘေးဓာတ်တိုင်တွင် စာချိတ်၊ ကြိုးတုပ်ကာ နှစ်နာရီခန့် နေပူလှန်းထားမှု ပြည်မြို့တွင် ဖြစ်ပွား

အခြားသူ၏စက်ဘီး ယူလာသည့် ကိုးနှစ်အရွယ် ကလေးငယ်အား ဆွေမျိုးတော်စပ်သူများက လမ်းဘေးဓာတ်တိုင်တွင် စာချိတ်၊ ကြိုးတုပ်ကာ နှစ်နာရီခန့် နေပူလှန်းထားမှု ပြည်မြို့တွင် ဖြစ်ပွား
Published 1 May 2018

သတင်းထောက်များက ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာတွင် မေးမြန်းနေစဉ်

အခြားသူ၏စက်ဘီး ယူလာသည့် ကလေးငယ်အား ဆွေမျိုးတော်စပ်သူများက လမ်းဘေးဓာတ်တိုင်တွင် စာချိတ်၊ ကြိုးတုပ်ကာ နှစ်နာရီခန့် နေပူလှန်းထားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ ရွှေဟင်္သာရပ်ကွက် သီတာရုံကျောင်း အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားသူ၏ စက်ဘီးကို ယူဆောင်စီးနင်းခဲ့သည့် အသက်ကိုးနှစ်ကျော် ကလေးငယ်အား ဆွေမျိုးတော်စပ်သူများက ဆုံးမသည် ဟုဆိုကာ လမ်းဘေးဓာတ်တိုင်တွင် ကြိုးဖြင့်တုပ်နှောင်ကာ စာချိတ်ဆွဲ၍ နေပူလှန်းထား ခဲ့ခြင်းဖြစ်သည်။

“ကြီးလာရင် ဒီထက်ဆိုးလာမှာစိုးလို့ အဒေါ်တစ်ယောက် အစ်ကိုတစ်ယောက်အနေနဲ့ သူ့အမေကို သွားခေါ်တော့လည်း ဈေးရောင်း မအားလို့ ဆိုတာနဲ့ သူ့ကိုမှတ်လောက်အောင်လို့ လုပ်မယ်ဆိုပြီး ပညာပေးအနေနဲ့ လုပ်ထားလိုက်တာ။ အမြဲတမ်းလည်း ဆိုးနေလို့ ကြီးလာရင် ဒီထက်မက ဆိုးသွားမှာစိုးလို့ သူ့ကိုနောက်မလုပ်ရဲအောင် ပညာပေးလိုက်တာပါ။ သူကဆိုးတယ်။ ကျောင်းဖွင့်တုန်းကလည်း ကျောင်းဖွင့်တုန်းမို့ အဒေါ်တို့မှာ လိုက်ရှင်းရတယ်။ ကျောင်းပိတ်တော့လည်း ကောင်းကောင်းမနေရဘူး။ အခုလည်း သူများက ပြောလို့ စက်ဘီးစီးနေတာတွေ့လို့ လာကြည့်တော့မှ ကျွန်မကမေးတယ်။ ဘယ်သူ့စက်ဘီးလဲ သူ့အသိစက်ဘီးဆိုလို့ နေလိုက်တာ။ နောက်ကျမှ ပိုင်ရှင်တွေက ရောက်လာပြီး သူတို့စက်ဘီးပါဆိုလို့ ရင်းနှီးနေတဲ့သူဆိုတော့ ပြန်အပ်ပြီး သူ့မိဘတွေလာရင် ပြောပေးပါ့မယ်ဆိုပြီး ကလေးဆိုတော့ ရဲစခန်းကလည်း မဖမ်းဘူးလေ။ အဲဒါကြောင့် ဒီလိုလုပ်လိုက်တာပါ” ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ပြောကြားသည်။

အဆိုပါ နေပူလှန်းခံထားရသည့် ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အချိန်ပိုင်းအတွင်း ပျံ့နှံ့ခဲ့ပြီး ဝေဖန်ပြောဆိုမှုများလည်း ဖြစ်ပွားခဲ့ပြီး ပရဟိတအဖွဲ့ဝင်များ၊ ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူများက ဆွေမျိုးများထံသွားရောက် ဆွေးနွေးခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။

“ကလေးငယ်က စက်ဘီးကို ယူလာတယ်ဆိုပြီး အစ်ကိုတစ်ဝမ်းကွဲက ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ပြစ်ဒဏ်ပေးပါတယ်။ ကလေးကို နှစ်နာရီလောက် မတ်တတ်ရပ်ခိုင်းထားတယ်လို့ သူ့မိဘများက ပြောပါတယ်။ အဲဒီတော့ ဒီလိုမျိုးကလေးကိုခိုးတယ်ဆိုပြီး မိဘတွေက အပြစ်ပေးတာမျိုးက မလုပ်သင့်ဘူး။ ကလေးကို အပြစ်ပေးတယ်ဆိုရင် ရာသီဥတုကလည်း ၄၀ ဒီဂရီလောက်ရှိတယ်။ အရမ်းပူပြင်းတဲ့ နွေရာသီမျိုး အများသူငါသွားနေတဲ့ လမ်းမမှာ အပြစ်ပေးတယ်ဆိုတာ လုံးဝမသင့်လျော်ဘူး။ ဒီအကြောင်းကို မိဘတွေနဲ့ ဆွေးနွေးဖြစ်တယ်။ ဒီလိုဆိုးသွမ်းတဲ့ ကလေးဆိုရင် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းတွေရှိတယ်။ လူမှုဝန်ထမ်းတွေကို ဆက်သွယ်လို့ရတယ်။ ဘယ်လိုအကူအညီ လိုအပ်နေလဲ ဘယ်လိုကူညီနိုင်မလဲဆိုတာ အကြံဉာဏ် တောင်းလို့ရတယ်။ သင့်လျော်တဲ့ အကူအညီမျိုးယူသင့်တယ်။ အဲဒီလိုလုပ်ခြင်းက ပိုအဆင်ပြေပါတယ်}} ဟ ုကလေးသူငယ် အခွင့်အရေးများ ကူညီနေသူ ကိုပုညက ပြောကြားသည်။

အဆိုပါ ကလေးငယ်မိသားစုမှာ အဒေါ်ဖြစ်သူအိမ်ခြံအတွင်း အဖီဆွဲနေထိုင်နေသူဖြစ်ပြီး ကလေးငယ်၏ မိဘများမှာ နေ့စဉ်ဆိုသလို အပြင်ထွက်ကာ အလုပ်လုပ်ကိုင်နေရသူများ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent