ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်မှူးကြီးတစ်ဦး စကေဘာဖြင့် အထိုးခံရ

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်မှူးကြီးတစ်ဦး စကေဘာဖြင့် အထိုးခံရ
Published 30 April 2018

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်မှူးကြီးတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်အား ရှေ့ဘီးထောင်၍ စတန့်စီးသည့် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာမှ စကေဘာဖြင့် အထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း ဧပြီ ၂၉ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်သည် ဧပြီ ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် အနီးစခန်းရှိ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဓမ္မသဟာယ သာသနစင်တာမှ ရပ်ကွက်ကြီး (၉) ရှိ ၎င်း၏နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လာစဉ် ရပ်ကွက်ကြီး (၅) အစိုးရဧည့်ဂေဟာလမ်း၊ ဧည့်ဂေဟာဂိတ်အနီးသို့အရောက် လမ်းပေါ်၌ ဆိုင်ကယ်လေးစီးဖြင့် အမျိုးသားခုနစ်ဦးသည် ဆိုင်ကယ်စတန့်ပြုလုပ်၍ မောင်းနှင်နေကြောင်း တွေ့ရှိရသဖြင့် ရှောင်တိမ်းမောင်းနှင်စဉ် ဆိုင်ကယ်စတန့် ပြုလုပ်နေသည့် ဆိုင်ကယ်တစ်စီးဖြင့် မော်တော်ယာဉ် မတော်တဆ ပွတ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ပွတ်တိုက်မှု ဖြစ်ပွားပြီးနောက် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က မော်တော်ယာဉ်အား ရပ်တန့်ပြီး လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးရန် ယာဉ်ပေါ်မှဆင်း၍ မေးမြန်းစဉ် ဆိုင်ကယ်စီးနင်းသူများအနက် သုံးဦးမှ ၎င်းအားချုပ်ကိုင်၍ တစ်ဦးက ဝမ်းဗိုက်အား စကေဘာဖြင့် ထိုးခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆိုးသွမ်းလူငယ်ခုနစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်အား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရပြီး ပြန်လည်ကောင်းမွန်သည်အထိ ဆက်လက်ကုသပေးလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ဆိုးသွမ်းလူငယ် ခုနစ်ဦးအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent