ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအား ဂျပန်အစိုးရနှင့်ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံ (MLIT) နှင့် ပြည်ထောင်စုဝန်ကြီး ယနေ့တွေ့ဆုံမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအား ဂျပန်အစိုးရနှင့်ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံ (MLIT) နှင့် ပြည်ထောင်စုဝန်ကြီး ယနေ့တွေ့ဆုံမည်
Published 30 April 2018

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေ ဆိပ်စီမံကိန်းအား ဂျပန်အစိုးရနှင့် ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MLIT) မှ တာဝန်ရှိသူများနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဧပြီ ၃၀ ရက် (ယနေ့) တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ ပြောကြားချက်အရ သိရသည်။

“ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းက မဖြစ်မနေကို ဆက်ပြီးဆောင်ရွက်ရမယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလက်ရှိမှာ ဂျပန်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။ မနက်ဖြန်မှာ ဂျပန်နိုင်ငံ (MLIT) က တာဝန်ရှိသူတွေနဲ့တွေ့ပြီး ဆွေးနွေးမှုတွေ လုပ်သွားမယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းသည် အနာဂတ်လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံတော်စီမံကိန်းဖြစ်သဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ဂျပန်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စီမံကိန်းနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး Concession Agreement ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းမှုကော်မတီနှင့် HIAMCL တို့အကြား ညှိနှိုင်းဆွေးနွေးပွဲငါးကြိမ်နှင့် Technical Working Group Meeting အစည်းအဝေးတစ်ကြိမ် ပြုလုပ်ခဲ့ရာတွင် အဓိကကျသည့် အချက်များအပေါ် သဘောတူညီမှုမရနိုင်သေးမီ Framework Agreement စာချုပ်သက်တမ်းနှစ်နှစ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်သက်တမ်း မကုန်ဆုံးမီ နှစ်ဦးနှစ်ဖက်စလုံးမှ စာချုပ်ပါစည်းကမ်းချက်များအရ သက်တမ်းတိုးမြှင့်ရန် အဆိုပြုခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။ ထိုသို့စာချုပ်သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့် စာချုပ်ပါ စည်းကမ်းချက်များအရ Framework Agreement အား ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်းသည် နိုင်ငံတော်၏ အနာဂတ်လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံကိန်း တစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သဖြင့် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

Most Read

Most Recent