Facebook အနေဖြင့် မြန်မာနိုင်ငံတွင် အွန်လိုင်း အသုံးပြုသူ ၁၈ သန်းစလုံးဆီသို့ အွန်လိုင်းကို လုံခြုံစွာ အသုံးပြုတတ်စေရန်နှင့် ပညာပေးအစီအစဉ်များ လုပ်ဆောင်မည်

Facebook အနေဖြင့် မြန်မာနိုင်ငံတွင် အွန်လိုင်း အသုံးပြုသူ ၁၈ သန်းစလုံးဆီသို့ အွန်လိုင်းကို လုံခြုံစွာ အသုံးပြုတတ်စေရန်နှင့် ပညာပေးအစီအစဉ်များ လုပ်ဆောင်မည်
Published 30 April 2018

Facebook အနေဖြင့် မြန်မာနိုင်ငံတွင် အွန်လိုင်းအသုံးပြုသူ ၁၈ သန်းစလုံးဆီသို့ အွန်လိုင်းကို လုံခြုံစွာ အသုံးပြုတတ်စေရန်နှင့် ပညာပေးအစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Facebook က တရားဝင် ထုတ်ပြန်ခဲ့သည်။

အွန်လိုင်းကို လုံခြုံစွာ အသုံးပြုနိုင်စေရန် မြန်မာနိုင်ငံမှ မိတ်ဖက်များနှင့် ချိတ်ဆက်ပြီး ပညာပေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် အွန်လိုင်းအသုံးပြုသူ ၁၈ သန်းစလုံးဆီသို့ အဆိုပါ အချက်အလက်များကို သိရှိစေရန်ဖြစ်ကြောင်း Facebook ကဆိုသည်။

ထို့ပြင် Facebook က မြန်မာနိုင်ငံအတွက် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ဆောင်ချက်များအဖြစ် အမုန်းစကားပါဝင်သော အကြောင်းအရာများကို စောင့်ကြည့် ဖယ်ရှားမည့်အဖွဲ့သားများက ရှာမတွေ့မီ အလိုအလျောက်စနစ်ဖြင့် သိရှိနိုင်စေရန် AI နှင့် စက်ပစ္စည်းများက သိရှိနိုင်စေမည့် Machine-Learning Technology စူးစမ်းရှာဖွေ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အမုန်းစကားနှင့် အခြားထိခိုက်နစ်နာစေနိုင်သော အကြောင်းအရာများကို စောင့်ကြည့်စစ်ဆေးသည့်အဖွဲ့များကို ပိုမိုလွယ်ကူစွာ ခွဲခြားချိန်ဆနိုင်မည့် နည်းလမ်းများ ရှာဖွေနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် လူအများအတွက် စိတ်ထိခိုက်စေသော အကြောင်းအရာများကို ချေမှုန်းရန်အတွက် ပိုမိုကောင်းမွန်ပြီး အလိုအလျောက် အလုပ်လုပ်သော Automation Tools များ တည်ဆောက်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုတစ်ခုမှာ မြန်မာဖောင့် နှစ်မျိုးဖြစ်နေသည့် ကိစ္စဖြစ်ကြောင်း Facebook က ပြောကြားခဲ့သည်။ ဇော်ဂျီ-ယူနီကုတ် အလိုအလျောက် ပြောင်းလဲပေးသော Converter ကို တည်ဆောက်ထားပြီးဖြစ်သော်လည်း လက်တွေ့အသုံးပြုရာတွင် ပိုမိုအသုံးဝင်စေရန်အတွက် ပြုပြင်မှုများ လိုအပ်နေကြောင်း သိရသည်။

“အမုန်းစကားပျံ့နှံ့မှုတွေကို လျှော့ချတာတွေတင်မကဘဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍနဲ့ သုံးစွဲသူတွေ အားလုံးအတွက် ဆက်သွယ်မှုဟာ အကျိုးဖြစ်စေဖို့ ကျွန်မတို့ အမြဲအာရုံထား ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ခုနှစ် ရေကြီးတုန်းက ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုပြီး ရေဘေးဒုက္ခသည်တွေအတွက် Facebook သုံးစွဲသူတွေက ဒေါ်လာ ၄၅၀၀၀၀ လောက် ရှာဖွေလှူဒါန်းနိုင်ခဲ့ပါတယ်။ ၂၀၁၇ တုန်းကဆိုရင် PSI Myanmar နဲ့ပူးပေါင်းပြီး ပြည်သူတွေအတွက် တုပ်ကွေးရာသီမရောက်ခင် တုပ်ကွေးရောဂါကာကွယ်ဖို့ အဓိကကျတဲ့ လက်ဆေးခြင်းရဲ့ အရေးပါမှုတွေကို အသိပေးလုပ်ဆောင်တဲ့ ကျန်းမာရေး အသိပေးလှုပ်ရှားမှုတွေဟာ လူသုံးသန်းလောက်ဆီကို အသိပေး ကမ်းလှမ်းနိုင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ ဆက်လက်လုပ်ဆောင်ရမှာတွေ အများကြီးရှိပြီး တကယ်လည်း လေးလေးနက်နက် အာရုံစိုက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ကိစ္စတွေကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ရဲ့ လူမှုအဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ ကတိပေး ဆောင်ရွက်လျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံအတွက် Facebook ၏ Policy Director ဖြစ်သူ Mia Garlick က ပြောကြားသည်။

Most Read

Most Recent