မြိတ်ကျွန်းစုအတွင်း ပြည်သူလူထု အခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် စီမံထားပြီးဖြစ်သော်လည်း ယခုအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများ ပြောကြား

မြိတ်ကျွန်းစုအတွင်း ပြည်သူလူထု အခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် စီမံထားပြီးဖြစ်သော်လည်း ယခုအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများ ပြောကြား
Published 29 April 2018

ဒုံးညောင်မှိုင်းကျေးရွာတွင် ဆလုံတိုင်းရင်းသားများအား မုန့်ပဲသရေစာဝေနေသူများ

မြိတ်ကျွန်းစုအတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် စီမံထားပြီးဖြစ်သော်လည်း ယခုအထိ အကောင်ထည်ဖော် ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြည်သူလူထု အခြေပြုခရီးသွားလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ စမ်းလှမ်းကမ်းခြေ၊ မြိတ်ခရိုင်ရှိ ဒုံးညောင်းမှိုင်းကျွန်း၊ ကော့သောင်းခရိုင်ရှိ မကျုံဂလက်ကျေးရွာတို့တွင် ဆောင်ရွက်ရန် စီမံထားပြီးဖြစ်သော်လည်း ယခုအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အရာရှိများ လာရောက်၍ ပြည်သူလူထုအခြေပြု ခရီးသွားလုပ်ငန်းအတွက် ဒေသခံများအား တွေ့ဆုံခြင်း၊ မြေနေရာ သတ်မှတ်ပေးခြင်း၊ ကော်မတီဖွဲ့ခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေသခံအများစုမှ အဆိုပါ အစီအစဉ်မှာ ဒေသခံတို့၏ ဘဝဖွံ့ဖြိုးနိုင်သောကြောင့် ကြိုဆိုပြီး ဆောင်ရွက်လိုကြသော်လည်း အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

“ရွာသားတွေရဲ့ ဆန္ဒက CBT ကို လုပ်ချင်နေကြတယ်။ အများက လုပ်ချင်နေကြတယ်။ ရွာပိုင်လုပ်မယ့် ဒီမြေကို ကျေးရွာအုပ်ချုပ်ရေးမှူးက သူ့ရဲ့မြေကိုဆိုပြီး လုပ်ထားတာရှိတယ်။ အဲဒါကို ရပ်သူရပ်သားတွေက သူ့ကိုမလွန်ဆန်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် CBT ကို အကောင်အထည် ဖော်ဖို့မဖြစ်ဘူး ဖြစ်နေတယ်။ လုပ်ချင်တဲ့သူတွေတော့ အများကြီး ရှိနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဆင်းလာပြီးပြီ။ ဒီမှာလုပ်ဖို့ဆိုပြီး စာလည်းတင်ထားပြီးပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သိပါတယ်။ ဘာတွေလိုအပ်သလဲဆိုတော့ ကိုယ်စားလှယ်တွေ ထပ်ဆင်းလာဖို့ လိုပါတယ်။ ရွာမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။ ကျန်းမာရေး၊ ပညာရေးကဏ္ဍ နောက်ပြီးအထွေထွေပေါ့” ဟု ဒုံးညောင်းမှိုင်းကျေးရွာမှ CBT ကော်မတီဝင် ကိုဖိုးဇော်က ပြောကြားသည်။

လက်ရှိအနေထားတွင် ခရီးသွားလုပ်ငန်းများစွာ တိုးတက်လာသော်လည်း ဒေသခံများအတွက် ထိရောက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိသေးပဲ ထမင်းဟင်းရောင်းခြင်း၊ ဆလုံတိုင်းရင်းသားများကို အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်ဘဲ လာရောက်ကြည့်ရှုသူများကပေးသည့် မုန့်ပဲသရေစာများကိုသာ ပေးနေသည့် အနေအထားတွင်သာ ရှိနေကြောင်း သိရသည်။

“ဒေသခံတွေ အနေနဲ့ကတော့ အလုပ်အကိုင် အခွင့်အလမ်း မရရှိသေးကြပါဘူး။ ဈေးဆိုင်ရောင်းတဲ့ တစ်ဆိုင်နှစ်ဆိုင်လောက်ပဲ စီးပွားရေး လုပ်နိုင်သေးတယ်။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ခရီးသွားတွေ နည်းနည်းတိုးလာတယ်။ ခရီးသည်တွေကို လူတစ်ယောက်စားဖို့ ကျပ် ၇၀၀၀ နဲ့ ရောင်းချပါတယ်။ ပင်လယ်စာ သီးသန့်ချက်ကျွေးရပါတယ်။ ဟင်းအမည်က ခုနစ်မျိုးအထိ ပါဝင်တယ်” ဟု ဒုံးညောင်းမှိုင်းတွင် ထမင်းဆိုင် ရောင်းချနေသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent