မြစ်ကြီးနားမြို့တွင် ကျပ်သိန်း ၈၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့တွင် ကျပ်သိန်း ၈၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
Published 29 April 2018

မြစ်ကြီးနားမြို့တွင် ကျပ်သိန်း ၈၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဧပြီ ၂၇ ရက် ည ၇ နာရီခွဲခန့်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲမှတ်တမ်းများအရ မြစ်ကြီးနားမူးယစ်တပ်ဖွဲ့စု-၂ မှ ရဲအုပ်ဖန်အောင် ဦးစီးအဖွဲ့နှင့် ခရိုင်ရဲအကူအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ပြည်ထောင်စုလမ်းမကြီးတွင် စောင့်ဆိုင်းနေစဉ် ပြည်ထောင်စုလမ်းမကြီးဘက်မှ မစမ်းစမ်းဝင်း မောင်းနှင်ပြီး စံလင်း (ခ) အောင်နိုင်ထွေး လိုက်ပါလာသည့် 7K/---- နံပါတ်ပါ Ipsum အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်ရှေ့ပိုင်း ထိုင်ခုံပေါ်မှ လက်ဆွဲအိတ်အတွင်း ဘိန်းဖြူအလေးချိန် ၁၀ ဂရမ်ခန့်စီပါ ၁၁၀ ခွက်၊ စုစုပေါင်းအလေးချိန် ၁ ဒသမ ၁ ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၈၈၀ ကို ဆမ်ဆောင်းဖုန်းနှစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်။

မြစ်ကြီးနားအခြေစိုက် မူးယစ်တပ်ဖွဲ့စု ၂ မှ ရဲမှူးဌေးလွင်က “ဒီနှစ်လေးလပိုင်းမှာတော့ ဘိန်းဖြူဖမ်းဆီးမှု ကချင်ပြည်နယ်တွင်း အများဆုံးဖြစ်တယ်။ ကွင်းဆက်တွေကိုတော့ မရသေးပါဘူး။ ဖားကန့်ပို့မယ်လို့ ယူဆပါတယ်။ ထွက်လာတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်းက ထွက်လာတယ်လို့ ယူဆပါတယ်” ဟုပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ စက်မှုရပ်ကွက်ပိုင်းနေသူ မစမ်းစမ်းဝင်း (၄၆ နှစ်)နှင့် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၄ နေသူ စံလင်း (ခ အောင်နိုင်ထွေး (၃၆ နှစ်) တို့နှစ်ဦးအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် ဧပြီ ၂၈ ရက်က မယ(ပ)၄၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent