ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပ

ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပ
Published 29 April 2018

ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ် အခမ်းအနား (2nd Myanmar Law Student's Conference & Model United Nations Myanmar) ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ဧပြီ ၂၈ ရက်က စတင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်မှ ဧပြီ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကျင်းပပြုလုပ်တဲ့ မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံက ဒုတိယအကြိမ်မြောက်ပါ။ ပထမအကြိမ်က မနှစ်က ဒီလိုအချိန်မှာပဲ ပြုလုပ်ခဲ့တာပါ။ ဥပဒေကျောင်းသားတွေက ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ တွဲပါလာတာကတော့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေး ပုံစံငယ်ကိုပါ ကျင်းပပါတယ်။ နိုင်ငံတကာမှာကတော့ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ်တွေက အမြဲကျင်းပပြုလုပ်နေကြပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာပေါ့။ အဓိကရည်ရွယ်ချက်ကတော့ ဥပဒေ ကျောင်းသားကျောင်းသူတွေကို ဥပဒေကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ပိုမိုတိုးတက်အောင် အဆက်အသွယ်ကောင်းကောင်း ရရှိသွားအောင် နှစ်စဉ်နှစ်တိုင်း ကျင်းပဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ သုတေသနစွမ်းရည်တွေ၊ စကားပြောစွမ်းရည်တွေ တိုးတက်ကောင်းမွန်လာစေဖို့၊ ကုလသမဂ္ဂရဲ့ အကြောင်းအရာတွေကိုလည်း ပိုမိုသိရှိလာစေဖို့၊ လူသိများနေတဲ့ လောလောလတ်လတ် သတင်းတွေ အကြောင်းအရာတွေကို နိုင်ငံ့ခေါင်းဆောင်တွေ ကိုယ်စားပြုပြီး နိုင်ငံ့ခေါင်းဆောင်တွေနေရာမှာ ဝင်ပြီးပြောဆို ဆွေးနွေးကြတော့ သူတို့ကိုယ်တိုင်လည်း ကမ္ဘာပေါ်မှာဖြစ်နေတဲ့ အကြောင်းအရာတွေကို ပိုပြီးလေ့လာမိသွားမယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ အစည်းအဝေး လုပ်ထုံးလုပ်နည်းတွေကိုလည်း သိရှိနားလည် သဘောပေါက်သွားနိုင်မယ် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ဖြစ်တာပါ” ဟု အဆိုပါအခမ်းအနားနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စီမံကိန်းတာဝန်ခံ ကိုဝင်းလွင်အောင်က ပြောကြားသည်။

ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂအစည်းအဝေး ပုံစံငယ် အခမ်းအနားအား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့်အတူ အာရှပစိဖိတ် ကျောင်းသားကျောင်းသူများအသင်းမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အခမ်းအနားမှာ ပညာရေးဝန်ကြီးကတော့ ခုလိုပွဲတွေလုပ်တာကို အားပေးတယ်။ လူငယ်တွေ အခုလိုမျိုးဆောင်ရွက်နေတာ တွေ့တော့ လူငယ်တွေကို အားကိုးယုံကြည်တယ်ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။ ဒီလိုလုပ်နိုင်တာကိုလည်း အားပေးတယ်။ ကူညီပါမယ်ဆိုတာ ပြောသွားပါတယ်။ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကလည်း ဒီပွဲကို တက်ရောက်ချင်ပေမယ့် မလာနိုင်တဲ့အတွက် သူ့ကိုယ်စား အခမ်းအနား တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်ကြီးကလည်း ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ကို ပြောပြပြီး ဒီပွဲကိုလည်း အသိအမှတ်ပြု အားပေးခဲ့ပါတယ်” ဟု အဆိုပါ အခမ်းအနားတာဝန်ခံက ဆက်လက်ပြောပြသည်။

Most Read

Most Recent