ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို မြန်မာအစိုးရက ပိတ်ပင် တားဆီးမည်ဆိုပါက လက်နက်တင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့် တပ်မတော် အရာရှိများကို စီးပွားရေး ပိတ်ဆို့ခြင်းများ ပြုလုပ်မည်ဟု HRW ၏ အမှုဆောင်ဒါရိုက်တာ ပြောကြား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို မြန်မာအစိုးရက ပိတ်ပင် တားဆီးမည်ဆိုပါက လက်နက်တင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့် တပ်မတော်အရာရှိများကို စီးပွားရေး ပိတ်ဆို့ခြင်းများ ပြုလုပ်မည်ဟု Human Rights Watch (HRW) ၏ အမှုဆောင် ဒါရိုက်တာ Mr. Kenneth Roth က ဧပြီ ၂၇ ရက် ညနေပိုင်းတွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် HRW ၏ အမှုဆောင်ဒါရိုက်တာက လုံခြုံရေးကောင်စီက မြန်မာအစိုးရကို အချက်အလက် ရှာဖွေရေးအဖွဲ့ အထူးကိုယ်စားလှယ်တို့နှင့် ပူးပေါင်းရန်၊ လွတ်လပ်သော လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုရန်နှင့် လုပ်ခဲ့သည်များကို ဝန်ခံရန် ဖိအားပေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် လုံခြုံရေးကောင်စီဘက်က နိုင်ငံသားဖြစ်ခွင့်အား တိုတောင်းသော နည်းလမ်းနှင့် လုပ်ပေးရန်နှင့် မလိုအပ်ဘဲ ရှည်လျားသော နည်းလမ်းများမလုပ်ရန် ဖိအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တင်ပြတောင်းဆိုတဲ့ဟာကို မြန်မာအစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ အစိုးရဘက်က ဒါမျိုးတွေကို ဆက်လက်ပြီး ပိတ်ပင် တားဆီးနေဦးမယ်ဆိုရင် လုံခြုံရေးကောင်စီဘက်က ပိုမို ဖိအားပေးရပါလိမ့်မယ်။ လုံခြုံရေးကောင်စီဘက်က လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ် တာဝန်ရှိတဲ့ တပ်မတော် အကြီးပိုင်းအရာရှိတွေကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ သူတို့ဘက်က စဉ်းစားလာပါလိမ့်မယ်။ တပ်မတော်ဘက်က လက်နက် တင်သွင်းမှုတွေကိုလည်း ပိတ်ပင်ပါ့မယ်”ဟု HRW ၏ အမှုဆောင်ဒါရိုက်တာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စီးပွားရေး ပိတ်ဆို့သည့် နေရာတွင် ရွေးကောက်ပွဲ မတိုင်မီကကဲ့သို့ အားလုံးကို ပိတ်ပင်ခြင်းမျိုး မဟုတ်ဘဲ တာဝန်ရှိသော တပ်မတော်အရာရှိများကို ရည်ရွယ်၍ ပိတ်ပင်ခြင်းဖြစ်ကြောင်း၊ တပ်မတော်အရာရှိများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းကာ ခရီးသွားလာခွင့် ပိတ်ပင် သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်တွင် ဖြစ်နေသော ကိစ္စများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပေးမှာဖြစ်ကြောင်း Mr. Kenneth Roth က ဆက်လက် ပြောကြားသည်။

Most Read

Most Recent