မောင်တောမြို့နယ်အတွင်း မေယုတောင်ခြေရှိ ကျေးရွာအချို့တွင် ရေရှားပါးမှု စတင်ကြုံတွေ့နေ

မောင်တောမြို့နယ်အတွင်း မေယုတောင်ခြေရှိ ကျေးရွာအချို့တွင် ရေရှားပါးမှု စတင်ကြုံတွေ့နေ
Published 29 April 2018

မောင်တောမြို့နယ်အတွင်း မေယုတောင်ခြေရှိ ရေရှားပါးမှု စတင်ကြုံတွေ့နေသော ကျေးရွာအချို့သို့ ရေသွားရောက် လှူဒါန်းနေစဉ်

မောင်တောမြို့နယ်အတွင်း မေယုတောင်ခြေရှိ ကျေးရွာအချို့တွင် ရေရှားပါးမှု စတင်ကြုံတွေ့နေရကြောင်း သိရသည်။

မောင်တောမြို့နယ် ငွေတောင်၊ သာယာကုန်း၊ မကျည်းကုန်း၊ သစ်တောရွာ၊ ရွာသာယာ စသည့်ကျေးရွာများရှိ ရေတွင်း၊ ရေကန်များ ခန်းခြောက်သွားသဖြင့် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဧပြီ ၂၅ ရက်က မောင်တောမြို့နယ် (၄) မိုင်အုပ်စု ငွေတောင်ကျေးရွာ၌ ရေရှားပါးနေမှုကြောင့် မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်နှစ်စီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ သန့်စင်ဦးဆောင်ကာ တပ်ဖွဲ့ဝင် ၁၄ ဦးဖြင့် သွားရောက်ရေပေးေ၀ လှူဒါန်းဆောင်ရွက်ခဲ့ကြောင်းနှင့် ဧပြီ ၂၃ ရက်ကလည်း မောင်တောမြို့နယ် (၄) မိုင်အုပ်စု မကျည်းကုန်းရွာနှင့် သာယာကုန်းရွာတို့အား ရေပေးဝေခဲ့ကြောင်း မောင်တောမီးသတ်ဌာနမှ သိရသည်။

အလားတူ မောင်တောမြို့တွင် ယခင်က မြကန်သာဆည်မှ ရေသုံးစွဲသည့်ရပ်ကွက် သုံးခုသာရှိပြီး ယခုအခါ မောင်တောမြို့ပေါ်ရှိ မြို့မအရှေ့ရပ်ကွက်၊ မြို့မအနောက်ရပ်ကွက်၊ မြို့မတောင်ရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်၊ အောင်မြေဗောဓိရပ်ကွက်၊ ရွာသစ်ကေရပ်ကွက်၊ ဝေသာလီရပ်ကွက်၊ မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေးတွင် အသစ်တိုးချဲ့ထားသော နယ်ခြားစောင့် ရဲတပ်ရင်းတစ်ခုလုံးအတွက် ဖူလုံသောရေ အသုံးပြုလျက်ရှိကြောင်းနှင့် ရေဖိအား အားနည်းမှုကြောင့် အချို့ချို့သောနေရာများတွင် ရေရောက်ရှိမှု မရှိခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၁၇ ခုနှစ်ကလည်း မြကန်သာ တစ်ဖက်ပိတ်ဆည်မှ ရေများနည်းလာသည်နှင့်အမျှ ရာသီဥတုအပူချိန်လွန်ကဲခြင်းကြောင့် အနံ့ဆိုးများထွက်ရှိခြင်း၊ ရေများ သံချေးရောင်ဖြစ်ပေါ်ခြင်း၊ အဆီအကွက်များဖြစ်ပေါ်ခြင်းနှင့် ကြုံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent