<

ကလေးမြို့နယ်အတွင်း ကျေးရွာများတွင် မူးယစ်ဆေးဝါးပျံ့နှံ့မှု များပြားနေပြီး အဆိုပါကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်စေချင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မူးယစ်ဆေးဝါး ဆိုးကျိုးများကို အသိပေးပြောကြားမှု ပြုလုပ်နေစဉ်

ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါးများ ပျံ့နှံ့မှုများပြားနေပြီး အဆိုပါကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်စေချင်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

“ကျွန်မတို့မဲဆန္ဒနယ် ရွာတွေမှာ အကုန်လုံး တော်တော့်ကိုပျံ့နှံ့တယ်။ တောင်ပိုင်းဆိုရင် ရေနံမှော်ရှိခဲ့တဲ့ နေရာတွေပေါ့။ ရေနံမှော်ပျက်သွားပေမဲ့ ရွာတွေက မူးယစ်နွံထဲက ရုန်းထွက်လို့မရဘူးဖြစ်နေတယ်။ ရေနံမှော်တွေတုန်းက မူးယစ်ဆေးတွေ ရှိခဲ့တယ်ဆိုပေမဲ့ ရေနံမှော်ရှိတဲ့ရွာတွေတင် မူးယစ်ဆေးနဲ့ ကျန်ခဲ့တာမဟုတ်ဘူး။ အနီးအနား ရွာတောက်လျှောက် ကျွန်မတို့မဲဆန္ဒနယ်ရှိနေတဲ့ ရွာတွေတော်တော်များများမှာ မူးယစ်ဆေးတွေက အရင်ကဆို လူငယ်ယောက်ျားလေးတွေ သုံးကြတယ်။ အခုဟာက လူကြီးအမျိုးသား၊ အမျိုးသမီး ကျားမမရွေး သုံးစွဲနေကြတယ်လို့ ရွာတွေကကို သတင်းပေးလာတယ်။ ဒါဆိုလို့ရှိရင် တိတိကျကျနဲ့ ဘယ်သူကနေ ဘယ်လိုလုပ်နေတယ်ဆိုတာ တိုင်ပါလို့ ပြောတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံမှုတွေအတွက် စိုးရိမ်ရတယ်။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကိုတောင်မှ ယုံကြည်စိတ်ချလို့ ဒီသတင်းကိုပေးတာပါ။ ဘယ်သူဘယ်ဝါဆိုတာ မပြောရဲဘူး။ လူငယ်တွေဆိုလို့ရှိရင် အုတ်ဂူကြို အုတ်ဂူကြားမှာ ဆုံးနေကြတယ်။ တစ်ယောက်ဆုံးတဲ့ကိစ္စ မပြီးသေးဘူး။ နောက်ထပ်တစ်ယောက် ဆုံးနေပြန်တယ်ဆိုတဲ့ ကိစ္စတွေဖြစ်နေတယ်။ ကျွန်မတို့အနေနဲ့ တိတိကျကျ ဘယ်သူကရောင်းတယ်။ ဘယ်သူကသုံးစွဲတယ် မသိရဘူး။ တကယ်မြေပြင်မှာ ဆိုးရွားတယ်ဆိုတာကို သတင်းပေးတယ်။ ကျွန်မတို့အနေနဲ့ ဖြစ်စေချင်တာကတော့ ဒါက တစ်မြို့တည်း ဖြစ်နေတာမဟုတ်ဘူး။ တစ်တိုင်းလုံး တစ်နိုင်ငံလုံး ဖြစ်နေတဲ့ကိစ္စ။ ကလေးမြို့တော့ စစ်ကိုင်းတိုင်းထဲမှာဆိုရင် မုံရွာပြီးရင် ဒုတိယလိုက်တဲ့မြို့၊ အချက်အချာကျသလိုပဲ တစ်နယ်လုံးမှာရှိတဲ့ ကျေးရွာတွေမှာ တော်တော်ဆိုးဆိုးရွားရွား အနေအထားကို ရောက်နေပြီ။ ကျွန်မတို့အနေနဲ့ လက်ခွဲလေးတွေ ဖမ်းမိတာကို မလိုချင်တော့ဘူး။ တကယ့်ကို အဓိကဖြန့်ဖြူးနေတဲ့သူတွေကို မိစေချင်ပြီ။ ဒီသတင်းကို ကျွန်မတို့ပြည်သူတွေနဲ့အတူ မြို့သူမြို့သားတွေအားလုံး မျှော်လင့်နေတယ်။ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက်နဲ့ ဖမ်းမိဖို့ ကြိုးစားပေးပါလို့ တောင်းဆိုချင်ပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့က စစ်ကိုင်းတိုင်းအတွင်းမှာ ဘယ်ဝင်ပေါက်ကနေ မူးယစ်ဆေးဝါးတွေ ၀င်လာသလဲ။ ရာဇ၀တ်မှု ကျူးလွန်နိုင်တာက မူးယစ်ဆေးဝါးက အခြေခံအကြောင်းအချက် တစ်ခုပဲ။ မူးယစ်ဆေးကနေ ဆက်နွှယ်ပြီး အခြားရာဇ၀တ်မှုတွေ နောက်ဆက်တွဲပါလာတယ်။ ဒီအမှုတွေ ကျဆင်းဖို့ဆိုရင် မူးယစ်ဆေးကို အဓိကထားပြီး နှိမ်နင်းဖို့လိုပါတယ်။ နှိမ်နင်းတဲ့နေရာမှာလည်း ကျွန်မတို့တိုင်းထဲမှာ ဘယ်သူတွေက အဓိက၀င်လာတာလဲ၊ ကျွန်မတို့တိုင်းထဲမှာ ဘယ်ကနေထွက်သွားတာလဲဆိုတဲ့ဟာကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ထိထိရောက်ရောက် လုပ်စေချင်တယ်။ ဒီလိုလုပ်မယ်ဆိုရင်လည်း ပြည်သူ့ရဲ့အားကို ယူပြီးတော့မှ အရန်အင်အားစုတွေ တည်ဆောက်မယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ ဒါက သိပ်ကောင်းတဲ့အချက် ဖြစ်ပါတယ်။ စာအုပ်ထဲမှာတင် ရှိနေတာမဟုတ်ဘဲနဲ့ မြေပြင်မှာလည်း တကယ်ကိုအကောင်အ ထည်ဖော်ဖို့အတွက် လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

ကလေးမြို့တွင် လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ၂၀၁၈ ခုနှစ် ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် မြို့နယ်စုပေါင်း ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ဒေါက်တာထက်မြတ်စိုး၊ ဒုရဲမှူးတင်စိုးနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးနီကမ်းနှင့် ဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့က တားဆီးနှိမ်နင်းရေးအဖွဲ့ဖြစ်တဲ့အတွက် သတင်းစုံစမ်းဖမ်းဆီးတယ်။ ရှောင်တခင် လမ်းကြောင်းပိတ်ဆို့ ဖမ်းဆီးမှုတွေရှိပါတယ်။ ကျွန်တော်တို့က မူးယစ်ဆေးဝါးတွေ မပျံ့နှံ့အောင် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ ပြည်သူလူထုကနေလည်း ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဟောပြောပွဲလုပ်လို့ ပြောလို့သာနားထောင်ရတယ်။ ပြောပြီးပြီးတာပဲမဟုတ်ဘဲ နားထောင်တဲ့သူတွေကလည်း မူးယစ်ဆေးဝါးတွေရဲ့ ဆိုးကျိုးတွေကိုသိပြီး ရှောင်ရှားစေချင်ပါတယ်။ မူးယစ်ဆေးဝါးဆိုတာ စမ်းကောင်းတဲ့အရာ မဟုတ်ပါဘူး။ မစမ်းသပ်ပါနဲ့။ စမ်းမိရင် စွဲသွားမှာဖြစ်ပါတယ်။ စွဲမိရင် ကင်ဆာရောဂါလို ကုရာနတ္ထိဆေးမရှိဆိုသလို တဖြည်းဖြည်း လှိုက်စားသွားမှာလို့ ပြောချင်ပါတယ်” ဟု ကလေးမြို့နယ် မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတင်စိုးက ပြောကြားသည်။

“မူးယစ်ဆေးဝါးဆိုတာ ဆိုးကျိုးပိုင်းတွေ များတယ်။ ကျွန်တော်က ၂၀၁၇ စက်တင်ဘာလက စရောက်တာပါ။ အဲဒီကနေ အရင်က လက်ကျန်မှု၊ ၂၀၁၈ မှာတက်လာတဲ့အမှု အဲဒါတွေကို ခြုံပြီးတော့မှ ပြောတာပါ။ ကျွန်တော်တို့ဆီမှာ သုံးလပတ်၊ ခြောက်ပတ်၊ နှစ်ချုပ်ဆိုတာရှိတယ်။ အဲဒါတွေကြည့်ပြီးတော့ ရာခိုင်နှုန်း ၂၀ လောက်ရှိတယ်ဆိုပြီး ပြောတာပါ။ ကျွန်တော်ရောက်ကတည်းကနေ ဒီနေ့အချိန်အထိ ခြုံပြီးတော့ပြောတာပါ။ လက်ရှိကျန်နေတဲ့အမှုထဲမှာ ရာခိုင်နှုန်း ၂၀ ကတော့ မူးယစ်နဲ့ပတ်သက်ပြီးတော့ ပုဒ်မတွေဖြစ်ပါတယ်” ဟု ကလေးမြို့ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးနီကမ်းက ပြောကြားသည်။

April 28, 2018














Copy Protected by Chetan's WP-Copyprotect.