<

မြောက်ဦးမြို့နယ် မြောင်းဘွေတံတားအနီးတွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းခန့် ဖမ်းဆီးရရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေတံတားအနီးတွင် မင်းပြားဘက်မှလာသော ကားတစ်စီးအား သတင်းအရ ရပ်တန့်စစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၉၅၀၀၀ ပြားအား ဧပြီ ၂၇ ရက် ညနေပိုင်းက ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သတင်းအရ ရန်ကုန်-စစ်တွေကားလမ်းရှိ မြောင်းဘွေတံတားအနီးတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ စောင့်ဆိုင်းနေစဉ် မင်းပြားမှ မြောက်ဦးဘက်သို့ မောင်းနှင်လာသော တိုယိုတာကားအား ရပ်တန့်စစ်ဆေးရှာဖွေရော ယာဉ်မောင်းသူ အောင်ဇော်လင်းထိုင်သည့် ထိုင်ခုံအောက်တွင် အံဝှက်ပြုလုပ်ပြီး ဖယောင်းစက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၀ ထုပ်အား တွေ့ရှိခဲ့သည့်အပြင် မောင်းသူဘေးမှ အောင်စောဝင်း (ခ) အောင်စိုးဝင်း ထိုင်သည့် ထိုင်ခုံအောက် အံဝှက်အတွင်းမှ အထုပ်ကြီး ၁၀ ထုပ်မှ WY ဆေးပြား ၉၉၀၀၀ ကိုလည်းကောင်း၊ ယာဉ်၏အနောက်ခန်း အံဝှက်ပြုလုပ်ထားသော ထိုင်ခုံအံဝှက်အတွင်းမှ WY ဆေးပြားထုပ်ထားသည့် အထုပ်ကြီး ၃၀ အတွင်းမှ ဆေးပြား ၂၉၇၀၀၀ ကိုလည်းကောင်း အသီးသီးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ ယာဉ်မောင်း အောင်ဇော်လင်း (ဘ) ဦးရွှေလှဖြူ၊ အသက် ၄၂ နှစ်၊ မင်္ဂလာဒုံမြို့နယ် နေထိုင်သူနှင့် ဘေးမှလိုက်ပါလာသူ အောင်စောဝင်း (ခ) အောင်စိုးဝင်း၊ (ဘ) ဦးထွန်းစံဖြူ၊ အသက် ၃၀ နှစ်၊ မင်းပြားမြို့နယ်၊ ငတန်ပြင်ကျေးရွာနေတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အက်ဥပဒေအရ အရေးယူထားကြောင်း မြောင်းဘွေရဲစခန်းမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြောင်းဘွေရဲစခန်းမှ ရဲအုပ်စောဦးထွန်းက “မေယု (၂) စီမံချက်အရပေါ့။ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရေးကိစ္စနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မူးယစ်အထူးအဖွဲ့တွေနဲ့ ရန်ကုန်ဘက်က ဆင်းလာတဲ့ကားတွေကို စစ်ဆေးတော့ ညနေပိုင်းမှာ ယာဉ်မောင်းတစ်ဦးနဲ့ နောက်တစ်ယောက်တို့စီးလာတဲ့ ကိုရိုလာခဲရောင်ကားပေါ်ကို စစ်ဆေးတဲ့အခါ ထိုင်ခုံအောက်မှာ ၀ှက်ထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ကားနောက်ခန်းမှာ ၀ှက်ထားတဲ့ မူးယစ်ဆေးဝါး ၄၉ ထုပ်ကို ဖမ်းမိခဲ့တယ်။ ဆေးပြားက လေးသိန်းကိုးသောင်းငါးထောင်ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မြောင်းဘွေနယ်မြေ ရဲစခန်း (ပ) ၁/၂၀၁၈ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်ထားပါတယ်” ဟုပြောကြားသည်။

April 28, 2018














Copy Protected by Chetan's WP-Copyprotect.