<

ပုံညာတောင်အဆင်းတွင် ကျောက်မီးသွေးတွဲကားတစ်စီး ချောက်ထဲကျ၍ တစ်ဦးသေဆုံး

ချောက်ထဲကျသည့် ကျောက်မီးသွေးတွဲကားကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပုံညာတောင်အဆင်းတွင် (ဒေသအခေါ် အန္တရာယ်ကွေ့) ကျောက်မီးသွေးများ တင်ဆောင်လာသည့် တွဲကားတစ်စီး ချောက်ထဲကျ၍ တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

“ဖြစ်နေကျအန္တရာယ် ကုန်းဆင်းနေရာမှာ ဖြစ်တာပါပဲ။ အရင်နေရာ တစ်နေရာတည်းပါ။ တစ်ပုံစံတည်းပဲ။ ကားက အနောက်ဘက်ကနေ လာတာ။ အန္တရာယ်ကုန်းဆင်းရောက်တဲ့အချိန်မှာ ကားက ဘရိတ်ပေါက်ပြီး အရှိန်နဲ့ဆင်းခဲ့တာ။ အဲဒီအချိန်မှာ အောက်ဘက်က သုံးဘီးဆိုင်ကယ် တက်လာတာကို ကားကတိုက်မိမှာစိုးလို့ ဘေးကိုရှောင်လိုက်တာ။ ကားပေါ်က ၀ိတ်ကများပြီးတော့ မနိုင်ဘဲ ချောက်ထဲကျသွားတာ။ ကားပေါ်မှာ လူသုံးယောက်ပါတယ်။ တစ်ယောက်က ဘာမှမဖြစ်ဘူး။ တစ်ယောက်က စိုးရိမ်ရတဲ့ဒဏ်ရာရတယ်။ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ အခုကားက ကျောက်မီးသွေးတင်တဲ့တွဲကားတွေ၊ ကလေးဖက်ကလာတဲ့ ကားဖြစ်မယ်” ဟု ကျောကျေးရွာမှ ကိုဇော်ထွန်းဦးက ပြောကြားသည်။

အဆိုပါနေရာသည် ကလေး-ဂန့်ဂေါ -ကျော-ပုလဲ-မုံရွာလမ်းမကြီးပေါ်တွင် တည်ရှိပြီး ဂန့်ဂေါမြို့ဘက်မှလာလျှင် ပုံညာတောင် အရှေ့ဘက်ခြမ်းဖြစ်ပြီး ကျောမြို့နှင့် တစ်မိုင်ကျော်ခန့်ကွာဝေးသည်ဟု သိရသည်။

“အဲဒီနေရာက ဂန့်ဂေါဘက်ကလာမယ်ဆိုရင် ကျောမယကရုံး (အထွေထွေအုပ်ချုပ်ရေးမှုးရုံး) နားလေးမှာတင်။ ကျောနဲ့ဆို တစ်မိုင်၊ မိုင်ကုန်နှစ်မိုင်ပ၊ ကျောအ၀င်ပေါ့၊ ကုန်းကျော် အန္တရာယ်ကုန်းဆင်းဆိုပြီး နာမည်ကြီးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဇူးကား (သစ်တင်တဲ့ အီဇူးဇူးကား) မှောက်တာ ၄၇ လောင်းသေတယ်လေ။ ဒါကြောင့် သူ့ကို အန္တရာယ်ကုန်းဆင်းဆိုပြီး နာမည်ကြီးတာ။ အရင်တုန်းကလည်း အဲဒီနေရာမှာ ကားမတော်တဆမှုတွေ ခဏခဏဖြစ်တယ်” ဟု ကျောမြို့ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

April 28, 2018














Copy Protected by Chetan's WP-Copyprotect.