သီလဝါဒေသရှိ Wilmar Jetty ၏ ဆိပ်ကမ်းတည်ဆောက်မှု ပထမအဆင့် ပြီးစီးပြီဖြစ်ပြီး ဆိပ်ခံတံတားအား မီတာ ၃၉၀ အရှည်အထိ ထပ်မံတည်ဆောက်မည်

သီလဝါဒေသရှိ Wilmar Jetty ၏ ဆိပ်ကမ်းတည်ဆောက်မှု ပထမအဆင့် ပြီးစီးပြီဖြစ်ပြီး ဆိပ်ခံတံတားအား မီတာ ၃၉၀ အရှည်အထိ ထပ်မံတည်ဆောက်မည်
Published 29 April 2018

မတ် ၂၅ ရက်က ဖွင့်လှစ်သည့် Wilmar Jetty အား တွေ့ရစဉ်

သီလဝါဆိပ်ကမ်းဒေသရှိ Wilmar Jetty ၏ ဆိပ်ကမ်းတည်ဆောက်မှု ပထမအဆင့် ပြီးစီးပြီဖြစ်ပြီး ဆိပ်ခံတံတားအား မီတာ ၃၉၀ အရှည်အထိ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

သီလဝါဆိပ်ကမ်းတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက်ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား ၂၀၁၈ ခုနှစ် မတ် ၂၅ ရက်က ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

“Wilmar Jetty က အထွေထွေကုန်စည်နဲ့ ကုန်သေတ္တာတင် သင်္ဘောတွေအတွက် တတိယမြောက်ဆိပ်ကမ်းပေါ့။ ကုမ္ပဏီက ရည်ရွယ်တာကတော့ စိုက်ပျိုးရေးထုတ်ကုန် သင်္ဘောတွေ၊ စားအုံးဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ အခြားသင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့ပါ။ အခုလက်ရှိတော့ ကျန်တဲ့ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်ပြီးတည်ဆောက်နေပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Wilmar Jetty သည် ပထမအဆင့် ဆိပ်ကမ်းတည်ဆောက်မှုပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းစီမံကိန်းတစ်ခုလုံးအား ၂၀၂၂ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်များတွင် နိုင်ငံတကာအဆင့်မှ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်ချဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံတည်ဆောက်ရန် Wilmar Myanmar Port Terminals (Thilawa) Ltd မှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်အား ရရှိလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုးပြီး ၂၀၁၆ ခုနှစ် မတ်တွင်စတင်ကာ သီလဝါဧရိယာ၊ ဆိပ်ကမ်းမြေကွက်အမှတ် ၂၀ နှင့် ၂၁ တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။

Wilmar Jetty သည် စုစုပေါင်း အလျား ၂၃၂ မီတာရှိပြီး ထပ်မံ၍ ဆိပ်ခံတံတား အရှည်မီတာ ၃၉၀ အထိ တည်ဆောက်သွားမည်ဖြစ်ကာ ရေအနက် ၁၃ မီတာရှိကြောင်း သိရသည်။ သင်္ဘောအရွယ် ၄၉၀၀၀ DWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်အထိ ဆောက်လုပ်မည်ဟု သိရသည်။

လက်ရှိ သီလဝါဆိပ်ကမ်းဒေသတွင် အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများအနေဖြင့် MITT ဆိပ်ကမ်းနှင့် MIPL ဆိပ်ကမ်းတို့ရှိပြီး ယခုဖွင့်လှစ်သည့် Wilmar Jetty သည် တတိယမြောက်ဆိပ်ကမ်း ဖြစ်လာမည်ဖြစ်သည်။

Wilmar Jetty တွင် ဆိပ်ခံတံတားအပြင် စားအုံးဆီ သိုလှောင်ထုတ်လုပ်သည့် စက်ရုံများ၊ သကြားစက်၊ ဓာတ်မြေသြဇာစက်ရုံ၊ ဆန်စက်များ၊ ဆီအုန်းထုတ်လုပ်သည့် စက်ရုံများအပြင် အခြားကုန်ပစ္စည်း သိုလှောင်ရုံများပါ တည်ဆောက်နေကြောင်း သတင်းရရှိသည်။

Most Read

Most Recent