ပွဲစား၏ တရားမဝင်ပို့ဆောင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးအား အလုပ်သမားသံအရာရှိနှင့် MWRN အဖွဲ့ ချိတ်ဆက်ပြီး မိခင်နိုင်ငံ ပြန်ပို့မည်

ပွဲစား၏ တရားမဝင်ပို့ဆောင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးအား အလုပ်သမားသံအရာရှိနှင့် MWRN အဖွဲ့ ချိတ်ဆက်ပြီး မိခင်နိုင်ငံ ပြန်ပို့မည်
Published 29 April 2018

ပွဲစား၏ တရားမဝင်ပို့ဆောင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးအား အလုပ်သမားသံအရာရှိနှင့် MWRN အဖွဲ့ ချိတ်ဆက်ကာ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေစဉ်

ပွဲစား၏ တရားမဝင်ပို့ဆောင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးအား အလုပ်သမားသံအရာရှိနှင့် MWRN အဖွဲ့ ချိတ်ဆက်ကာ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေရှိ ဝေလရပ်ကွက် (၁၀) လမ်းတွင် ပွဲစားများက တရားမဝင်ပို့ဆောင်ကာ လူကုန်ကူးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးအား အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနှင့် နယ်မြေခံအလုပ်သမား အဖွဲ့အစည်းဖြစ်သည့် MWRN အဖွဲ့တို့မှ ချိတ်ဆက်၍ ဧပြီ ၂၅ ရက်က ကယ်ထုတ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းခံရသူ မြန်မာနိုင်ငံသားများ အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦးတို့မှာ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှဖြစ်ပြီး ပွဲစားဖြစ်သူ ဦးကြည်နိုင်က တစ်ဦးလျှင် ကျပ်ငွေရှစ်သိန်း အမြန်ကြေးဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့ကိုပြောတော့ မြဝတီလမ်းကနေ သွားရမယ်။ မြဝတီမှာ စာချုပ်ချုပ်တာ လုပ်ရမယ်ဆိုပြီးပြောတယ်။ နောက်တော့ မြဝတီလမ်းက လူများနေလို့ မြိတ်ဘက်ကနေပဲ သွားတော့မယ်ဆိုပြီး ပြောတယ်။ ကျွန်မတို့တွေ မြိတ်ကားဂိတ်ရောက်တော့ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မောတောင်ကိုသွားဖို့ဆိုပြီး ပွဲစားဦးကြည်နိုင်တို့နဲ့ ချိတ်ဆက်ထားတဲ့ မသန္တာဆိုတဲ့ အမျိုးသမီးတစ်ဦးက လာကြိုတယ်။ အဲဒီကနေမှ ထိုင်းဘက်ကိုသွားဖို့ အစိမ်းရောင်ကတ်ပြားလေး (Border Pass) တွေလုပ်ပေးတယ်။ ထိုင်းဘက်ခြမ်းကိုရောက်တော့ နယ်စပ်ကနေ ပကျွတ်မြို့ထဲကိုသွားဖို့ ထိုင်းနိုင်ငံသား ပွဲစားတစ်ဦးက ကားနဲ့သူ့အိမ်ကို ခေါ်သွားတယ်။ အဲဒီကနေမှ မဟာချိုင်မြို့ကိုသွားဖို့ ပွဲစားကိုလှဝင်းတို့ လင်မယားနှစ်ဦးက ကားနဲ့လာကြိုတာပါ” ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့သို့ရောက်ရှိပြီး တစ်လခန့်ကြာပြီးသည့်တိုင် အလုပ်လုပ်ခွင့်မရရှိသလို နေထိုင်ရာတွင်လည်း အတည်တကျနေထိုင်ရခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ ပတ်စပို့စာအုပ်များကိုလည်း ပွဲစားက သိမ်းထားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ပွဲစားဖြစ်သူ ကိုလှဝင်းဆိုသူက ဗီဇာပြုလုပ်ရန်နှင့် အလုပ်ရှင်ပြောင်းရန်အတွက် အလုပ်သမားတစ်ဦးစီထံမှ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၅၀၀၀ စီ ထပ်မံပေးဆောင်ရန်အတွက် လုပ်ခလစာထွက်သည့်အချိန်၌ ထိုင်းဘတ်ငွေ ၂၀၀၀ စီကိုလည်း အလုပ်သမားများထံမှ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့တွေ မြန်မာနိုင်ငံမှာ တစ်ဦးစီအတွက် ငွေကျပ်ရှစ်သိန်းစီ ပေးခဲ့ရတာပါ။ အဲဒီငွေကျပ် ရှစ်သိန်းကလည်း အတိုးနဲ့ချေးပြီး ပေးခဲ့ရပါတယ်။ အခုလည်း ဘာလို့ထပ်ပြီး ပိုက်ဆံတောင်းတာလည်းပေါ့နော်။ လောလောဆယ် ကျွန်မတို့မှာလည်း အခက်အခဲတွေဖြစ်လို့ သူတို့ကိုတောင်းပန်တာ မရဘူး။ အလုပ်လုပ်တဲ့ ကိုးရက်အတွက် လုပ်အားခငွေ ဘတ် ၃၁၂၆ ဘတ်ရတာ ပွဲစားကိုလှဝင်းက ဘတ်ငွေ ၂၀၀၀ အဓမ္မလာယူသွားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အခုလိုဒုက္ခတွေဖြစ်တာနဲ့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးထံ ဖုန်းဆက်အကူအညီတောင်းခံခဲ့ရတာပါ” ဟု အလုပ်သမတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့က MoU စနစ်နဲ့ပဲလာလာ၊ ဘယ်လိုနည်းလမ်းတွေနဲ့လာလာ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး အခက်အခဲတွေဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံသားတွေကို ကူညီမှုများ ဆောင်ရွက်ပေးနေပါတယ်။ အခုအလုပ်သမား ၁၄ ဦးဆိုလည်း သူတို့တွေ ထိုင်းနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ ဝင်လာကြတယ်။ လူကုန်ကူးခံထားရတယ်ဆိုတာတောင် မသိရှာဘူး။ ပွဲစားတွေက လုပ်အားခငွေကြေးတွေကို မတရားသဖြင့် ဖြတ်တောက်တာတွေ လုပ်လာလို့သာ ကျွန်တော်တို့ထံ အခုလိုရောက်လာတာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းတစ်ပါးမှာ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကိုတော့ အစွမ်းကုန်ကူညီမှုပေးသွားမှာပါ” ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။

Most Read

Most Recent