<

ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားစွာကျင်းပ

ရွှေကြက်ယက်ကျေးရွာအုပ်စုမှ ညောင်ရေသွန်းလောင်းရန် လှည့်လည်လာစဉ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကဆုန်လဆန်း ၁၄ ရက်နေ့ ဧပြီ ၂၈ ရက်တွင် ရွှေကြက်ယက်အုပ်စု ကျေးရွာများဖြစ်သော သပြေတန်း၊ ခ၀ါတော်၊ ကွက်သစ် (၁)၊ ရွှေဟင်္သာ၊ ရွှေဒင်၊ ကိုးသင်း၊ သက္ကယ်တော်၊ ကွက်သစ် (၂)၊ ရွာသစ်၊ ရွှေလောင်း၊ ပတ္တမြား၊ စိန်တုံး၊ ရွှေလေး၊ မိုးကောင်း၊ အောင်ချမ်းသာ စသည့်ကျေးရွာများမှ ရှေးမူမပျက် ရာဇာဝင်း၊ ဒေ၀ါဝင်း၊ ပုဂံဝင်းများခင်းခြင်း၊ တူညီဝတ်စုံများဝတ်ဆင်ခြင်း၊ အတီးအမှုတ် အကအခုန်များဖြင့် မင်္ဂလာညောင်ဇင် ကျောင်းတိုက်ဝင်းတွင် စုရပ်ပြုလုပ်ကာ စီတန်းလှည့်လည်ပြီး ရွှေကြက်ယက်ဘုရား အနောက်ဘက်မုခ်ရှိ ဗောဓိညောင်ပင်ကို ကျေးရွာအလိုက် ညောင်ရေသွန်းခဲ့ကြောင်း သိရသည်။

ရှေးယခင် ဘိုးဘွားအဆက်ဆက်မှ ဘုရားရှင်အမှီပြု၍ ပွင့်ထွန်းပေါ်ပေါက်ရာ မဟာဗောဓိညောင်ပင်ကို ရည်စူး၍ နွေရာသီ၏ပူပြင်းမှုမှ ကာကွယ်ရန် အေးမြသောရေချမ်းများဖြင့် သွန်းလောင်းပူဇော်ခြင်းဖြစ်ကြောင်း၊ ညောင်ရေသွန်း လှည့်လည်ရာတွင် လိုက်ပါကြမည့် ကျေးရွာများမှ ကျေးရွာသူ/ ကျေးရွာသားများက လှည့်လည်ရေးကော်မတီမှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များ၏ ခေါင်းဆောင်မှုအောက်တွင် စည်းကမ်းတကျဖြင့် လိုက်ပါကြရန်နှင့် သရုပ်ပျက်ဝတ်ဆင်ခြင်း၊ သရုပ်ပျက်ကခုန်ခြင်း၊ အရက်သေစာ သောက်စားခြင်းများကို ရှောင်ကြဉ်ကြရန် အသိပေးဆောင်ရွက်ထားကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသည့် နေ့ရက်များတွင် ကျေးရွာသူ/ ကျေးရွာသားများကလည်း ဘုရားဖူးလာရောက်ကြသည့် ပြည်သူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင်လည်း ဂေါစရာမ်ကျောင်းတိုက် ၁၁ ကျောင်းသို့ ဆွမ်း၊ ဟင်းခဲဘွယ်ဘောဇဉ် ချိုချဉ်အရသာများကို ရပ်ကွက်အလိုက် လှည့်လည်အလှူခံ၍ သက်ဆိုင်ရာကျောင်းတိုက်များသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းခြင်း၊ ကဆုန်လပြည့်ကျော် (၁) ရက်တွင် ရပ်ကွက် (၁၅) ရပ်ကွက်မှ ၀တ္ထုငွေ၊ ဆန်၊ ဆီ၊ ဆား အစရှိသည့်တို့ကို ရပ်ကွက်အလိုက် လှည့်လည်အလှူခံ၍ မဲကျရာကျောင်းတိုက်များသို့ လှူဒါန်းပူဇော်ပြီး ပွဲတော်ရက်အတွင်း လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း မင်္ဂလာပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

April 28, 2018














Copy Protected by Chetan's WP-Copyprotect.