မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်

မြန်မာနိုင်ငံ ပြည်တွင်းကိုဗဟိုပြု၍ တစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်
Published 28 April 2018

မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုပြီး တစ်ရက်အတွင်း ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်များသည် ဧပြီ ၂၇ ရက်  မြန်မာစံတော်ချိန် ၉ နာရီ ၄၈မိနစ် ၃၂ စက္ကန့်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်- အနောက်မြောက်ဘက် ၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မြိုင်မြို့၏ အနောက်မြောက်ဘက် ကိုးမိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၆၉ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၄ ဒသမ ၇၆ ဒီဂရီ၊ အနက် ၁၃၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ဧပြီ ၂၇ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မိုင်းခတ်မြို့၏ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၃၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ၁၆ မိနစ် ၅၆ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့ မြောက်ဘက် မိုင် ၉၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တွန်းဇံမြို့၏ မြောက်ဘက် ၂၅ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၇၁ ဒီဂရီ၊ အနက် ၂၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင် တစ်ခုလှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိခဲ့သည်။

ယခုလအတွင်း မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်မှု အကြိမ် ၂၀ နီးပါးရှိပြီဖြစ်သည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက် ရုန်းကန်ပြန့်ထွက်ပြီး မြေငလျင် လှုပ်ခတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမ ပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင် ကြောကြီးတစ်ခုဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက်တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက်တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်သည်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားနိုင်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံများ စာရင်းတွင်ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်းရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

Most Read

Most Recent