တနိုင်းဒေသ ပိတ်မိနေသူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ တောင်းဆို

တနိုင်းဒေသ ပိတ်မိနေသူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ တောင်းဆို
Published 28 April 2018

လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် တောထဲတွင်ပိတ်မိနေသော မန်ဝိုင်း (လိုင်နောင်းခူး) ဒေသခံများအား ရိုက်ကူးထားသည့်ဓာတ်ပုံအား တွေ့ရစဉ်

တနိုင်းဒေသ ပိတ်မိနေသူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိနိုင်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ဧပြီ ၂၇ ရက်တွင် တောင်းဆိုစာပေးပို့ခဲ့ပြီး ယင်းတောင်းဆိုစာပေးပို့မှုအား အရပ်ဘက် အဖွဲ့အစည်း ၂၅၀ ကျော်က ထောက်ခံခဲ့သည်။

ယင်းတောင်းဆိုစာတွင် ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်ကတည်းက တနိုင်းမြို့နယ်၊ အောင်လောဒ်ကျေးရွာမှ ဒေသခံ ၂၀၀၀ ကျော်နှင့် ဖားကန့်မြို့နယ်၊ ကာမိုင်းဒေသ မန်ဝိုင်း(လိုင်နောင်းခူး) ဒေသခံ ၁၈၀ ကျော်သည် ယနေ့အချိန်အထိ စစ်ပွဲကြားတွင် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက်ကလေးငယ်များ၊ ဒဏ်ရာရရှိသူများ ပါဝင်နေပြီး ၁၅ ရက်အတွင်း မည်သည့်အကူအညီမျှ မရရှိကြောင်း ဖော်ပြပါရှိသည်။

တပ်မတော်က ဧပြီ ၁၈ ရက်တွင် တနိုင်းမြို့၌ အောင်လောဒ်ကျေးရွာသားများ ပြန်လာရန် ကြေညာခဲ့ပြီးနောက် နယ်ခံရွာသူရွာသားများ မဟုတ်သော ရွှေ့ပြောင်းအလုပ်သမား ၁၈၀ ကျော် အောင်လောဒ်ရွာသို့ ပြန်လာခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့ကို ဧပြီ ၂၂ ရက်တွင် ကြက်ခြေနီအဖွဲ့များက အောင်လောဒ်ကျေးရွာထိ သွားရောက်ကူညီမှုပြုလုပ်ရာ အဆိုပါပြန်လာသူများကို ဆိုင်ကယ်တစ်စီးလျှင် သုံးဦးနှုန်း စီးနင်းစေကာ ကြက်ခြေနီအသင်းများနှင့်အတူ တနိုင်းမြို့သို့ ပြန်လွှတ်ခဲ့ကြောင်း၊ ထိုသို့ပြန်လာရာတွင် တနိုင်းမရောက်မီ ဂျာထူးဇွပ်နေရာတွင် တပ်မတော်မှ ပစ်ခတ်သဖြင့် နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်းဆိုစာတွင် စွပ်စွဲဖော်ပြထားသည်။

ပိတ်မိပြည်သူများ လွတ်မြောက်နိုင်ရန် ဘာသာရေး၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ ကချင်လူထုရပ်မိရပ်ဖများက ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကချင်နိုင်ငံရေးပါတီများကလည်း နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း တောင်းဆိုစာအရ သိရသည်။

သို့ရာတွင် ယခုအချိန်အထိ တုံ့ပြန်ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသည့်အပြင် ပိတ်မိနေသည့်ပြည်သူများ၏ အခြေအနေသည် ဆိုးရွားကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ တနိုင်းမြို့သို့ ထွက်နိုင်မည့် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများကို စစ်ကြောင်းမှ ပိတ်ဆို့ကာ လွတ်မြောက်ရန် ကြိုးပမ်းသူများကို ခြမ်းခြောက်နေကြောင်းကြား သိရသည်ဟု သမ္မတထံပေးစာတွင် ဖော်ပြထားသည်။

အဆိုပါ သမ္မတထံစာပေးပို့မှုအား ဦးဆောင် ဆောင်ရွက်သူတစ်ဦးဖြစ်သည့် ထွယ်ဂျင်ဒါအဖွဲ့မှ ဒေါ်နန်ပူက “ထုတ်ပြန်ချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာ လူမှုအဖွဲ့အစည်း ၂၅၀ ကျော်က ထုတ်တာပါ။ တနိုင်းအောင်လောဒ်ဘက် လူ ၂၀၀၀ ဝန်းကျင်နှင့် ကာမိုင်းဘက်က မန်ဝိုင်း (လိုင်နောင်းခူး) မှာ လူ ၁၈၀ ကျော် ပိတ်မိနေတယ်။ တပ်မတော်က စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရတယ်။ အဓိကတော့ တောထဲမှာ ရောက်နေတဲ့ ပြည်သူတွေ အန္တရာယ်ကင်းတဲ့နေရာကို ရောက်စေချင်တယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ရောက်စေချင်တယ်” ဟု ပြောကြားသည်။

ထိုသို့ စစ်ရှောင်ဒုက္ခသည်များ တောထဲတွင် ပိတ်မိနေသည့်ကိစ္စအား အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဧပြီ ၃၀ ရက်မှ စတင်ကာ မြစ်ကြီးနားမြို့တွင် ထိုင်သပိတ် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ကြက်ခြေနီတွေ အောင်လောဒ်ကို သွားကူတယ်။ ဒေသခံတွေက တောထဲကနေ ထွက်မလာနိုင်ဘူး။ အဓိကတော့ ဒေသခံတွေက စစ်တပ်ဘက်က စစ်လား။ ဆေးလားလုပ်မှာကို စိုးရိမ်တဲ့သဘောရှိတယ်။ ဒီဘက်မှာက ကျွန်တော်တို့လည်း လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ ညှပ်နေတယ်။ တပ်ကလည်း အကြမ်းဖက် ကေအိုင်အေ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိသူများဆိုပြီး ကြေညာတာကိုလည်း ဒေသခံတွေက ဝေဖန်ကြတယ်။ အောင်လောဒ်က တပ်မဟာ (၂) နယ်မြေကို။ ဆိုင်ကယ်နှင့် ပြန်လာသူတွေ သေဆုံးသူရှိတယ်လို့ ကြားရတယ်။ ဒါပေမဲ့ သက်ဆိုင်ရာတွေ အောက်ခြေကို မေးကြည့်တော့ ဘာမှအတည်ပြုလို့ မရဘူး။ ဒေသခံတွေကို တွက်ကြည့်ရရင် စိုးရိမ်နေကြတာဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပြန်လာခိုင်းပြီး တစ်ခုတစ်ခုက ဖြစ်လာရင်စစ်ဘက်နဲ့ ဆိုင်တာကို ကျွန်တော်တို့က ဘာမှမပြောနိုင်ဘူးလေ” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ဧပြီလအထိ ဆယ်လနီးပါး ကြာမြင့်ခဲ့ပြီးဖြစ်သည်။

နှစ်ဖက် ပစ်ခတ်မှုများကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ လူပေါင်းတစ်သိန်းခန့် ရွှေ့ပြောင်းရခြင်း၊ ပစ်ခတ်မှုများကြားတွင် ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်း၊ ကျေးရွာလုံးကျွတ် ထွက်ပြေးလာရခြင်းများ ရှိခဲ့သည်။ တနိုင်းဒေသတွင် ၂၀၁၇ ဇွန်လမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်းသိန်းနှင့်ချီ စစ်၏အကျိုးသက်ရောက်မှုကို ခံရပြီး ဒေသခံများအတွင်း ပြန်လည်ထူထောင်ရေးမှာ ကြီးမားသော စိန်ခေါ်မှု ဖြစ်လာခဲ့ပြီဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ၄၈၅၆၆ ဦး နေထိုင်ပြီး မြို့ပေါ်တွင် ၃၁၉၉၈ ဦး၊ ကျေးလက်နေပြည်သူ ၁၆၅၆၈ ဦး နေထိုင်ကြောင်း သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၃-က) စာမျက်နှာ ၃၀ တွင် ဖော်ပြထားသည်။

၂၀၁၈ ဧပြီလအတွင်း တိုက်ပွဲများကြောင့် တနိုင်းဒေသ၊ KIA တပ်မဟာ (၂)အခြေစိုက်ရာ အောင်လောဒ်ရွာတွင် ကျေးရွာသား ၂၀၀၀ ခန့် တောတောင်ထဲတွင် ရှိနေပြီး၊ နမ္မတီးမြို့မြောက်ဘက်ရှိ KIA ရင်း(၁) အခြေစိုက်ရာ ကဆုန့်နှင့် ဇွတ်မိုင်ကျေးရွာမှ လူပေါင်း ၁၀၀၀ ကျော်မှာ နမ္မတီးမြို့ရှိ ဘုရားရှိခိုးကျောင်းများတွင် လာရောက်ခိုလှုံနေရကြောင်း သိရသည်။

Most Read

Most Recent