ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရန် ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းကြောင်း အမေရိကန်သံရုံး ကြေညာချက် ထုတ်ပြန်

ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရန် ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းကြောင်း အမေရိကန်သံရုံး ကြေညာချက် ထုတ်ပြန်
Published 28 April 2018

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရန် ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းကြောင်း အမေရိကန်သံရုံးက ဧပြီ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ထောင်နှင့်ချီသောပြည်သူများ ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာထွက်ပြေးစေရအောင် ပြင်းထန်လာနေသော ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ အမေရိကန်သံရုံးက လွန်စွာစိုးရိမ်မကင်းဖြစ်မိကြောင်း၊ ထို့ပြင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ပြည်သူများနေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အတွက်လည်း လွန်စွာစိုးရိမ်မိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများ ရပ်တန့်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံးကို မိမိတို့တိုက်တွန်းကြောင်း၊ အရပ်သားများကို အကာအကွယ်ပေးရေးနှင့် ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပို့ဆောင်ပေးနိုင်ရန် ခွင့်ပြုပေးရေးတို့အတွက်လည်း တပ်မတော် အပါအဝင် အစိုးရကို မိမိတို့ မေတ္တာရပ်ခံသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ကချင်ပြည်နယ် တနိုင်းဒေသတွင် ၂၀၁၇ ဇွန်လမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်းသိန်းနှင့်ချီ စစ်၏အကျိုးသက်ရောက်မှုကိုခံရပြီး ဒေသခံများအတွက် ပြန်လည်ထူထောင်ရေးမှာ ကြီးမားသော စိန်ခေါ်မှုဖြစ်လာကြောင်း ဒေသခံများက ပြောကြားသည်။

၂၀၁၈ ဧပြီလအတွင်း တိုက်ပွဲများကြောင့် တနိုင်းဒေသ၊ အောင်လောဒ်ရွာတွင် ကျေးရွာသား ၂၀၀၀ ခန့် တောတောင်ထဲတွင် ရှိနေပြီး နမ္မတီးမြို့မြောက်ဘက်ရှိ KIA ရင်း (၁) အခြေစိုက်ရာ ကဆုန့်နှင့် ဇွတ်မိုင်ကျေးရွာမှ လူပေါင်း ၁၀၀၀ ကျော်မှာ နမ္မတီးမြို့ရှိ ဘုရားရှိခိုးကျောင်းများတွင် လာရောက်ခိုလှုံနေရကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းလည်း တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ထို့အတူ ကရင်ပြည်နယ်၊ ဖာပွန်ဒေသတွင် တပ်မတော်မှ လမ်းဖောက်လုပ်သည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား မတ်လဆန်းပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဒေသခံများထောင်နှင့်ချီ တိမ်းရှောင်နေရကြောင်း သိရသည်။

Most Read

Most Recent