ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး မေလဒုတိယပတ်တွင် ပြုလုပ်မည်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး မေလဒုတိယပတ်တွင် ပြုလုပ်မည်
Published 28 April 2018

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို မေလဒုတိယအပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး (၂) တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဧပြီ ၂၇ ရက်တွင် ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူး တွဲစောင့်ကြည့်ရေးကော်မတီကို ပြည်ထောင်စုအဆင့် (JMC-U)၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် (JMC-S) နှင့်ဒေသအဆင့် (JMC-L) ဟု ဖွဲ့စည်းထားပြီး ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် (JMC-S) ရုံးများကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားပြီးဖြစ်၍ ဒေသအဆင့် (JMC-L) ရုံးများကို လင်းခေးနှင့် ဖာပွန်ဒေသတို့တွင် ဖွင့်လှစ်ထားသည်။

JMC အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည့် မျက်နှာစုံညီ အစည်းအဝေးကို မေ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

“JMC Confrence ၈၊ ၉ လုပ်ဖို့ ရှိပါတယ်။ မှန်ပါတယ်။ အဆင့်ဆင့် ဖွဲ့ထားတာရှိတယ်။ အဆင့်ဆင့်ဖွဲ့ထားတဲ့ ပြည်နယ်နှင့် တိုင်းတွေရော၊ ဒေသဆိုင်ရာအဆင့်တွေရော အဲဒီဟာတွေ အကုန်လုံးပါဝင်ပြီးတော့ မျက်နှာစုံညီ အစည်းဝေးပေါ့နော်။ ဒါကတော့ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ဖြစ်ပါတယ်။ ပထမအကြိမ်ကို လွန်ခဲ့တဲ့တစ်နှစ်ကျော်က လုပ်ခဲ့ပြီးပြီ” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ရန် နေရာကိုမူ မရွေးချယ်ရသေးကြောင်း၊ JMC အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင်များ အများစုကြိုက်မည့်နေရာကို ရွေးချယ်ဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

လက်ရှိတွင် ပြည်နယ်အချို့၌ JMC ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ လူထုတွေ့ဆုံပွဲများနှင့် သက်ဆိုင်ရာ JMC-S အစည်းအဝေးများကိုလည်း ကျင်းပလျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်းစဉ်များ၊ စိစစ်အတည်ပြုရေးနှင့် ပူးတွဲနယ်လှည့် စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်များနှင့် ဒေသခံအရပ်သား စောင့်ကြည့်သူများ ခန့်ထားရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း JMC-U သတင်းထုတ်ပြန်ချက်အရ သိရသည်။

လူထုတွေ့ဆုံပွဲများ ပြုလုပ်ရာတွင်မူ NCA စာချုပ်ပါ အကြောင်းအရာများ၊ JMC ဆိုင်ရာ အကြောင်းအရာများ၊ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားပြည်သူကို အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အငြင်းပွားမှုနှင့် တိုင်ကြားမှုများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို JMC အဖွဲ့များက ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း JMC-U သတင်းထုတ်ပြန်ချက်အရ သိရသည်။

NCA သဘောတူစာချုပ်၏ တပ်ပိုင်းဆိုင်ရာကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်၍ JMC ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent