ကမ္ဘောဇဘဏ်က စုငွေစာရင်း အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေအတိုးနှုန်းကို တစ် ရာခိုင်နှုန်းမှ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ

ကမ္ဘောဇဘဏ်က စုငွေစာရင်း အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေအတိုးနှုန်းကို တစ် ရာခိုင်နှုန်းမှ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ
Published 28 April 2018

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က စုငွေစာရင်း (Saving Account) အတိုးနှုန်းများအား ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေ (Fixed Deposit Account) အတိုးနှုန်းကို တစ် ရာခိုင်နှုန်းမှ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း သိရသည်။
“လျှော့ချတယ်ဆိုတာထက် ပြင်ဆင်သတ်မှတ်လိုက်တာပါ။ အရင်တုန်းက Saving တွေကို ရှစ်ရာခိုင်နှုန်းပဲ ပေးတာပါ။ ဘဏ်တွေက အပြိုင်အဆိုင်ဝန်ဆောင်မှုပေးရင်းနဲ့ Deposit Market Share ကို ရချင်တဲ့အတွက် အပြိုင်အဆိုင်တိုးပေးရင်းနဲ့ အတိုးနှုန်း ၈ ဒသမ ၂၅ တို့ ဘာတို့ဖြစ်ကုန်တာပေါ့။ ကျွန်တော်တို့ အခုပြန်ပေးတဲ့နှုန်းကတော့ မူလနှုန်းဖြစ်တဲ့ ရှစ်ရာခိုင်နှုန်းပဲ ပေးတာပါ။ ဗဟိုဘဏ်ကလည်း ရှစ်ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ စာရင်းသေအပ်ငွေက ကာလအပိုင်းအခြားနဲ့ ရှိပါတယ်။ သုံးလ၊ ခြောက်လ၊ ကိုးလ၊ ၁၂ လ အဲဒီလိုရှိခဲ့တာပေါ့။ အခုတော့ ကျွန်တော်တို့က စာရင်းသေအပ်ငွေကို သုံးနှစ်အထိ တိုးပြီး လက်ခံလိုက်တာရှိတယ်။ စာရင်းသေအပ်ငွေကို သုံးနှစ်သက်တမ်း လက်ခံလိုက်တာ”ဟု ကမ္ဘောဇဘဏ်မှ Deputy CEO ဦးအောင်ကျော်မျိုးက ပြောကြားသည်။

စာရင်းသေအပ်ငွေကို ယခင်က တစ်လဆိုပါက ကိုးရာခိုင်နှုန်း၊ သုံးလဆိုပါက ၉ ဒသ မ ၂၅ ရာခိုင်နှုန်း၊ ခြောက်လဆိုပါက ၉ ဒသ မ ၅၀ ရာခိုင်နှုန်း၊ ကိုးလဆိုပါက ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်နှစ်နှင့်အထက်ဆိုပါက ၁၀ ရာခိုင်နှုန်းပေးအပ်နေခြင်းဖြစ်ပြီး စုငွေစာရင်းအတိုးနှုန်းအား ၈ ဒသမ ၂၅ ရာခိုင်နှုန်း (တစ်လတစ်ကြိမ် အတိုးတွက်ပြီး သုံးလတစ်ခါ အတိုးထည့်ပေးသည့်စနစ်) ပေးအပ်နေခြင်းဖြစ်သည်။

Corporate များအတွက် ပြောင်းလဲလိုက်သော စာရင်းသေအပ်ငွေ အတိုးနှုန်းများမှာ သုံးလဆိုပါက ခြောက်ရာခိုင်နှုန်း (ယခင်ထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်းလျော့ကျ)၊ ခြောက်လဆိုပါက ၆ ဒသမ ၂၅ ရာခိုင်နှုန်း (ယခင်ထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်းလျော့ကျ)၊ ကိုးလဆိုပါက ၆ ဒသမ ၅ ရာခိုင်နှုန်း (ယခင်ထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်းလျော့ကျ)၊ တစ်နှစ်ဆိုပါက ၆ ဒသမ ၇၅ ရာခိုင်နှုန်း (ယခင်ထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်းလျော့ ကျ)၊ နှစ်နှစ်ဆိုပါက ခုနစ်ရာခိုင်နှုန်း (ယခင်ထက် သုံးရာခိုင်နှုန်းလျော့ကျ)၊ သုံးနှစ်ဆိုပါက ရှစ်ရာခိုင်နှုန်း (ယခင်ထက် နှစ်ရာခိုင်နှုန်း လျော့ကျ) သာ ရရှိမည်ဖြစ်သည်။
Individual များအတွက် ပြောင်းလဲလိုက်သော စာရင်းသေအပ်ငွေ အတိုးနှုန်းများမှာ တစ်လဆိုပါက ရှစ်ရာခိုင်နှုန်း (ယခင်ထက် တစ် ရာခိုင်နှုန်းလျော့ကျ) သုံးလဆိုပါက ၈ ဒသ မ ၂၅ ရာခိုင်နှုန်း (ယခင်ထက် တစ် ရာခိုင်နှုန်းလျော့ကျ)၊ ခြောက်လဆိုပါက ၈ ဒသ မ ၅၀ ရာခိုင်နှုန်း (ယခင်ထက် တစ် ရာခိုင နှုန်းလျော့ကျ)၊ ကိုးလဆိုပါက ၈ ဒသမ ၇၅ ရာခိုင်နှုန်း (ယခင်ထက် တစ်ရာခိုင်နှုန်း လျော့ကျ)၊ တစ်နှစ်ဆိုပါက ကိုး ရာခိုင်နှုန်း (ယခင်ထက် တစ်ရာခိုင်နှုန်းလျော့ကျ)၊ နှစ်နှစ် ဆိုပါက ၁၀ ရာခိုင်နှုန်း ၊ သုံးနှစ်ဆိုပါက ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။
စုငွေစာရင်းအတိုးနှုန်းတွင် Corporate နှင့် Individual မခွဲခြားဘဲ အတိုးနှုန်း ၈ ဒသ မ ၂၅ ရာခိုင်နှုန်းပေးအပ်နေရာမှ ရှစ် ရာခိုင်နှုန်းအဖြစ် လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ဒီအပ်ငွေတွေကို Corporate ၊ Individual မခွဲခြားဘဲ အတိုးပေးခဲ့တာကနေ အခုခွဲပြီးပေးတဲ့စနစ်ကို ပြောင်းမှာပေါ့နော်။ စုငွေစာရင်းအတိုးနှုန်းကတော့ လျှော့နှုန်းချင်းတူတယ်။ ၀ ဒသမ ၂၅ ရာခိုင် နှုန်းပေါ့။ စာရင်းသေအပ်ငွေမှာတော့ Indivudual က တစ် ရာခိုင်နှုန်းပဲလျှော့တာဖြစ်ပြီး Corporate မှာ တစ်ရာခိုင်နှုန်းကနေ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအထိ လျှော့တာဖြစ်ပါတယ်။ တချို့ကာလတွေ ဥပမာ တစ်လဆို Corporate မှာ မပေးတော့ဘူး။ အနည်းဆုံး သုံးလက စထားရမှာပေါ့။ အတိုးနှုန်းတွေကတော့ ဗဟိုဘဏ်က သတ်မှတ်တဲ့ဘောင်ထဲမှာပဲ ရှိပါတယ်” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘောဇဘဏ်မှ စတင်မိတ်ဆက်လိုက်သည့် ကာလရှည်အပ်ငွေ ပုံစံအသစ်အရ ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်း ရရှိမည့် ပမာဏကို ရှစ် ရာခိုင်နှုန်းမှ ၁၀ ဒသ မ ၇၅ ရာခိုင်နှုန်းအတိုင်း ကာလအလိုက် အဆင့်ဆင့် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းအသစ်များသည်လည်း နိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုစေမည့် ကာလရှည်ဘဏ်ချေးငွေများကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါ ကာလရှည် ဘဏ်ချေးငွေ များ ထုတ်ချေးပေးသွားနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၁၈ မေ ၁ ရက်နေ့မှစတင်ပြီး ကာလရှည်အပ်ငွေ ပုံစံအသစ်ကို စတင်သွားမည်ဖြစ်သည်။

ယခင် စာရင်းသေအပ်ငွေများမှာ မူလနှုန်းဟောင်းဖြင့် အပ်နှံထားသည့် ကာလအထိ ပြောင်းလဲမှုမရှိဘဲ အတိုး ဆက်လက်ရရှိမည်ဖြစ်သည်။ မေ ၁ ရက်မှစတင်၍ အသစ်အပ်နှံသော စာရင်းသေအပ်ငွေများနှင့် သက်တမ်းတိုးအပ်နှံသော စာရင်းသေအပ်ငွေများသည် ယခုပြောင်းလဲသတ်မှတ်သည့် အတိုးနှုန်းအသစ်ဖြင့် အကျုံးဝင်မည်ဖြစ်ပြီး လက်ရှိ ကာလအတွင် အဖွဲ့အစည်းများ (Corporate) ၏ စာရင်းသေအပ်ငွေအား သုံးနှစ် အပ်နှံမှုများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပြီး ပြည်တွင်းဘဏ်များအနေဖြင့် အပ်ငွေအပေါ်အနည်းဆုံးအတိုးနှုန်းအဖြစ် တစ်နှစ်လျှင် ရှစ် ရာခိုင်နှုန်း၊ ချေးငွေအပေါ် အများဆုံး အတိုးနှုန်းအဖြစ် တစ်နှစ်လျှင် ၁၃ ရာခိုင် နှုန်းထားရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည်။

Most Read

Most Recent