ထိန်ပင်စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ခုနစ်ရက်မြောက်နေ့တွင် ထိုင်းနိုင်ငံမှ မှာယူထားသော Bio Foam A ဆေးရည်ဖြင့် မီးငြှိမ်းသတ်မှု စတင်

ထိန်ပင်စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ခုနစ်ရက်မြောက်နေ့တွင် ထိုင်းနိုင်ငံမှ မှာယူထားသော Bio Foam A ဆေးရည်ဖြင့် မီးငြှိမ်းသတ်မှု စတင်
Published 28 April 2018

ထိန်ပင် စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ခုနစ်ရက်မြောက်နေ့ ဧပြီ ၂၇ ရက်တွင် ထိုင်းနိုင်ငံမှ မှာယူထားသော Bio Foam A ဆေးရည်ဖြင့် မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ ထိန်ပင်စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ခုနစ်ရက်မြောက်နေ့ ဧပြီ ၂၇ ရက်တွင် ထိုင်းနိုင်ငံမှ မှာယူထားသော Bio Foam A ဆေးရည်ဖြင့် မီးငြှိမ်းသတ်မှု စတင်ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၁ ရက်မှ စတင်လောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံ မီးနှင့်ပတ်သက်၍ မီးလောင်ကျွမ်းသည့်ဧရိယာ ကြီးမားသည့်အတွက် မီးငြှိမ်းသတ်မှု ကြန့်ကြာနေမှုအပေါ် ပြည်သူများခွင့်လွှတ်ပေးပါရန်နှင့် အကောင်းဆုံးနည်းပညာနှင့် ပစ္စည်းများ အသုံးပြု၍ အမြန်ဆုံးငြှိမ်းသတ်သွားမည်ဖြစ်ကြောင်းနှင့် မီးငြှိမ်းသတ်နေသော တပ်ဖွဲ့ဝင်များအတွက် လာရောက်လှူဒါန်းကြသော စေတနာရှင်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရက ပြောကြားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရက “မီးသတ်တပ်ဖွဲ့အနေနဲ့ အကောင်းဆုံးနည်းပညာတွေရော၊ ပစ္စည်းတွေရော သုံးပြီးတော့ ပြည်သူတွေ ဒီလိုဒုက္ခကို မခံစားရအောင် ကျွန်တော်တို့ကိုယ်တိုင် မီးလောင်ပြင်ထဲမှာဆင်းပြီး လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဒီလိုကျယ်ပြန့်တဲ့ ဧရိယာ အခြေအနေကြီးဖြစ်တဲ့အတွက် နည်းနည်းကြန့်ကြာနေတာကို ခွင့်လွတ်ပေးပါ။ တပ်ဖွဲ့အနေနဲ့ကတော့ ဆက်ပြီးတော့ အမြန်ဆုံးငြှိမ်းသတ်နိုင်အောင် ဆောင်ရွက်နေပါတယ်။

လာရောက်လှူဒါန်းတဲ့ စေတနာရှင်တွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ အချို့ဆိုရင်လည်း မီးလောင်ပြင်ထဲအထိပါ လာရောက်ပြီးတော့ လှူကြတာတွေ့ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီလိုလာလှူတဲ့ အာဟာရတို့၊ ရေတို့၊ စားစရာတို့ကလည်း  တပ်ဖွဲ့ဝင်တွေအတွက် အင်အားတွေဖြစ်ပါ တယ်လို့ ပြောချင်ပါတယ်။ ပြည်သူတွေ လှူရကျိုးနပ်အောင်လည်း အစ်ကိုတို့ ဆက်ပြီးကြိုးစားသွားပါမယ်” ဟု မီဒီယာများအား ဖြေကြားသည်။

ထိန်ပင်စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ခုနစ်ရက်မြောက်နေ့ ဧပြီ ၂၇ ရက်တွင် ထိုင်းနိုင်ငံမှ မှာယူထားသော Bio Foam A ဆေးရည်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ယခုကဲ့သို့ ဆေးရည်ဖြင့် ငြှိမ်းသတ်မှုသည် မြန်ဆန်စေပြီး ထိရောက်မှုပိုရှိကြောင်း၊ Burn Back (ပြန်လောင်နိုင်မှု) နည်းစေပြီး အပူရှိန်ကြောင့် အရှေ့မှငြှိမ်းနေစဉ် အနောက်မှ ပြန်လောင်စေခြင်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရက ဆက်လက်ပြောကြားသည်။

Bio Foam ဆေးရည်ဖြင့် ငြှိမ်းသတ် ခြင်းကို ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီခန့်မှ စတင်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ဆေးရည်ပေပါ ၂၀ ခန့် အသုံးပြု ငြှိမ်းသတ်ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ပေပါ၂၀ ခန့်ကျန်ရှိနေကာ နောက်ထပ်လည်း ရောက်လာရန်ရှိကြောင်း၊ မီးလောင်ပြင်ထဲရှိ မီသိန်းဓာတ်ငွေ့များကိုလည်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ရဲဗလဦးမျိုးဝင်းက ပြောကြားသည်။

ရဲဗလဦးမျိုးဝင်းက “ကျွန်တော်တို့ Bio Foam သုံးနေပါတယ်။ ဘယ်ဘက်အခြမ်းမှာဆို Bio Foam သုံးနေပါတယ်။ Bio Foam က  အပေါ်ယံကို တင်းသွားတာပေါ့။ လေကြောကို ဖြတ်တောက်ပေးတဲ့သဘောပေါ့။ ဒီဟာတွေက တဖြည်းဖြည်းနဲ့လုပ်သွားရမှာ။ ဧရိယာကျယ်တဲ့အခါကျတော့ အဓိကကတော့ မီးခိုးပေါ့။ မီးခိုးကို ပြတ်အောင်လို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ရသလောက်ကို ကုန်တဲ့အထိ ဆွဲသွားမှာပဲ။ ဒါပေမဲ့ နောက်ထပ်လည်း ရောက်လာမှာပါ။ မီးခိုးဒဏ်ခံနေရတဲ့ ပြည်သူလူထုအနေနဲ့ ခဏလေး သည်းညည်းခံပေးပါ။ ကျွန်တော်တို့ အမြန်ဆုံးငြှိမ်းသတ်နေပါတယ်။ ဒီထဲမှာ မီသိန်းဓာတ်ငွေ့က အောင်းနေတာရှိတယ်။ ကျွန်တော်တို့က ဖောက်ထုတ်ပစ်လိုက်မှာပါ။ အဲဒါကို ထုတ်ပစ် ဖို့အတွက် ကျွန်တော်တို့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဝါးလုံးတွေစိုက်ပြီး ထုတ်ပါမယ်”  ဟု ပြောကြားသည်။

အဆိုပါ ဧက ၃၀၀ ခန့်ကျယ်ပြန့်သော ဧရိယာအတွင်းရှိ အမှိုက်ပုံမီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊  တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးတို့မှ ဝိုင်းဝန်းကူညီငြှိမ်းသတ်နေခြင်းဖြစ်ပြီး ကြက်ခြေနီအဖွဲ့၊ အခြားအဖွဲ့အစည်းများ၊ ပရဟိအဖွဲ့အစည်းများကလည်း လိုအပ်သော ကျန်းမာရေး ကုသစောင့်ရှောက်မှုပေးခြင်း၊ ရေနှင့်အာဟာရ၊ အားဖြည့်အချိုရည်များကို လှူဒါန်းခြင်း၊ ဝေငှခြင်းတို့ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ယင်းသို့ မီးငြှိမ်းသတ်နေစဉ် မီးသတ်တပ်ဖွဲ့ဝင်များတွင် အောက်ဆီဂျင် ရရှိမှုနည်းပါးခြင်း၊ အပူလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်ပွားမှုရှိပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များကပြုစုခြင်း၊ ဆေးရုံသို့ ပို့ဆောင်ပေးခြင်း တို့ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာမှ ကြက်ခြေနီတပ်ခွဲမှူး ကိုဇင်မင်းအောင်က “ကျွန်တော်တို့ဆီကို ရောက်ရှိလာတဲ့ပစ္စည်းတွေကို မီးငြှိမ်းသတ်နေတဲ့ တပ်ဖွဲ့ဝင်တွေဆီကို နည်းလမ်းအမျိုးမျိုးနဲ့ ပို့ဆောင်ပါတယ်။ ဆိုင်ကယ်နဲ့တစ်သွယ်၊ ထမ်းပြီးတော့ တစ်သွယ်ပေါ့။ အပူလောင်တဲ့တပ်ဖွဲ့ဝင်တွေကိုလည်း ရှေးဦးပြုစုနည်းနဲ့ ပြုစုပေးပါတယ်။ ကျွန်တော်တို့ဆီလာတာ  အပူလောင် ဒုတိယအဆင့်ပေါ့နော်။ အရည်ကြည်ပူထ၊ အရည်ကြည်ပူပေါက်ပေါ့နော်။ အနည်းအကျဉ်းကတော့ လာတာက အများဆုံး ခုနစ်ဦးလောက် လာပါတယ်။ ထိခိုက်ရှနာကတော့ တစ်ဦးလောက်ပဲပါပါတယ်။ အသက်ရှူကျပ်တဲ့လူတွေအနေနဲ့ကတော့ ကျွန်တော်တို့ဆီမဟုတ်ဘဲ သူတို့မှာရှိတဲ့ ကယ်ဆယ်ရေးကားတွေနဲ့ တစ်ခါတည်း ဆေးရုံကို ခေါ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတာကတော့ ကျွန်တော်တို့ဆီကိုလာတာ စဖြစ်တဲ့နေ့ကတည်းက ဒီနေ့အထိ ၁၅ ဦးလောက်ရှိပါတယ်” ဟု ပြောကြားသည်။

ထိန်ပင်စွန့်ပစ် အမှိုက်ပုံမီးလောင်မှုမှ မီးခိုးလုံးများနှင့် ညှော်နံများသည် စတင်လောင်ကျွမ်းသည့်ရက်မှစ၍ အနီးရှိရပ်ကွက်များ အပါအဝင် လှိုင်သာယာမြို့နယ်အတွင်း ပျံ့နှံကာ ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ အင်းစိန်၊ တာမွေ၊ သာကေတ၊ ပုဇွန်တောင် စသည့်မြို့နယ်များအထိ မီးခိုးညှော်နံ့များရရှိကာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စွန့်ပစ်အမှိုက်ပုံမီးလောင်ကျွမ်းမှုတွင် တပ်မတော်သားများ ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အဆိုပါအမှိုက်ပုံအနီးရှိ လှိုင်သာယာမြို့ နယ် (၂၀) ရပ်ကွက်တွင် နေထိုင်သူများသည် မီးခိုးလုံးနှင့် ညှော်နံ့ရရှိမှုဆိုးကျိုးကို အများဆုံးခံစားရပြီး ဆေးရုံတက်ကုသရမှုများလည်း ရှိခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေအတွက် ရပ်ကွက်အတွင်း Mask များဝေပေးခြင်းနှင့် ပရဟိတအသင်းများနှင့် ချိတ်ဆက်၍ အောက်ဆီဂျင်အိုးများ ပြတ်လပ်မှုမရှိစေရေး အပါအဝင် အရေးပေါ်လူနာတင်ယာဉ်အသင့်ပြင် ထားခြင်းတို့ရှိကြောင်း သိရသည်။

အမှိုက်ပုံ မီးစတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးဝါး ကုသမှုခံယူသူ လူနာ ဧပြီ ၂၄ ရက်တွင် ၁၃ ဦး၊ ၂၅ ရက်တွင် နှစ်ဦးနှင့် ၂၆ ရက်တွင် လေးဦး စုစုပေါင်း ၁၉ ဦးနှင့် ပြင်ပလူနာအဖြစ် ဧပြီ ၂၄ ရက်တွင် သုံးဦး၊ ၂၅ ရက်တွင် ၁၁ ဦးနှင့် ၂၆ ရက်တွင် ငါးဦး စုစုပေါင်း ၁၉ ဦးရှိခဲ့ရာ အတွင်းလူနာများအနက် တစ်ဦးမှာ အဆုတ်ရောဂါအခံရှိသူ ဖြစ်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီ ၂၄ ရက်တွင် လွှဲပြောင်းခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ဧပြီ ၂၄ ရက် တွင် လှိုင်သာယာမြို့နယ်၌ နေထိုင်သူတစ်ဦး မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါဖြင့် လာရောက်ပြသခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လုပ်ငန်း ခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကို လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်တွင် ဧပြီ ၂၄ ရက်မှလည်းကောင်း၊ (၆) ရပ်ကွက်တွင် ဧပြီ ၂၆ ရက်မှလည်းကောင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent