မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်
Published 28 April 2018

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉၁ ခုနှစ်မှစ၍ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို စတင်ထုတ်ဝေခဲ့သည်။

စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများဝယ်ယူမှု များပြားသော တစ်မတ်သားရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်မတ်သားရွှေဒင်္ဂါး၏ အချင်းမှာ ၁၈ ဒသမ သုည မီလီမီတာ၊ အထူမှာ ၁ ဒသမ သုည မီလီမီတာရှိသည်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိသည်။ ဒင်္ဂါး၏အနားပတ်လည်တွင် “Central Bank of Myanmar”၊ “4.082 gm 999.9 Fine Gold” ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး အခြားတစ်ဖက်မျက်နှာပြင်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂၀၁၈၊ တစ်မတ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ” ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

တစ်မတ်သားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။

တစ်မတ်သားရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ကျပ် ၁၂၅၀၀ ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent