ကွန်ဒိုမီနီယံဥပဒေ ထွက်ရှိလာခြင်းနှင့် နိုင်ငံတော်မှ ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းများကြောင့် ယခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်နိုင်ကြောင်း သုံးသပ်

ကွန်ဒိုမီနီယံဥပဒေ ထွက်ရှိလာခြင်းနှင့် နိုင်ငံတော်မှ ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းများကြောင့် ယခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်နိုင်ကြောင်း သုံးသပ်
Published 28 April 2018

ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ကွန်ဒိုမီနီယံဥပဒေ ထွက်ရှိလာခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာ အားကောင်းလာမှုနှင့်အတူ နိုင်ငံတော်မှ ဖော်ဆောင်မည့် အိမ်ရာစီမံကိန်းများကြောင့် ယခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ကထက် ပိုမိုဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

“အိမ်ခြံမြေကဏ္ဍက မနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကောင်းတယ်။ ဒီနှစ်လည်း ကောင်းမယ်လို့မြင်တယ်။ ကောင်းမယ်လို့ မြင်တာကတော့ အကြောင်းမျိုးစုံ ရှိတာပေါ့။ ပထမတစ်ချက်က ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေထွက်တယ်။ အဲဒီအတွက် နိုင်ငံခြားသားတွေက ကွန်ဒိုမီနီယံမှာ ဝယ်လို့ရသွားတဲ့ အနေအထားမျိုး ပေါ်လာတယ်။ ကွန်ဒိုမီနီယံဥပဒေပေါ်လာတဲ့ အတွက်ကြောင့် ဘာပဲပြောပြော ဥပဒေပိုင်းဆိုင်ရာမှာ အားကောင်းလာတယ်။ အဲဒီအတွက်ကြောင့်မို့ ဒါက Real Estate ကဏ္ဍကြီးတစ်ခုလုံးကို ပိုပြီးအထောက်အကူပြုတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နှစ်အချက်က ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်မယ့်လုပ်ငန်းတွေရှိတယ်။ ရှိတဲ့အတွက်ကြောင့် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာမယ်။ နောက်တစ်ချက်ကတော့ နိုင်ငံဝန်ထမ်းတွေအတွက် အိမ်ရာစီမံကိန်းတွေလုပ်မယ်ဆိုတာတွေ ရှိလာတဲ့အတွက် ဒီကဏ္ဍက မနှစ်ကထက်စာရင် ဒီနှစ်ပိုကောင်းလာမယ်လို့ သုံးသပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုမှ ပမာဏဒေါ်လာ ၁၂၆၁ ဒသမ ၉၇၇ သန်း ဝင်ရောက်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်အထိ ဝင်ရောက်ထားသည်။

အဆိုပါ ကာလအတွင်း အိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုမှ ကျပ် ၁၅၃၆ ဘီလျံအထိရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၈ ရာခိုင်နှုန်းနီးပါးအထိ ဝင်ရောက်မြှုပ်နှံထားကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာ လိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ လျော့ကျလျက်ရှိသည်။ ဈေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံနေရာများ၏ ၆၈ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ငှားရမ်းခများလည်း ဆက်လက်လျော့နည်းလာခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ပထမသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့် ရုံးခန်းအဆောက်အအုံနေရာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျော် ရှိလာပြီး ငှားရမ်းမှုနှုန်း ဆက်လက်လျော့နည်းလာရာ ယခင်နှစ်ကာလတူထက် ငှားရမ်းခ ဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင် ကျဆင်းခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က ဈေးကွက် သုံးသပ်ထားသည်။

မြန်မာနိုင်ငံ ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်ရှိလာပြီး နိုင်ငံခြားသားများ အဓိက ပါဝင်လာခြင်းနှင့် ဝယ်ယူလာနိုင်ပါက ပြည်တွင်း အိမ်ရာစီမံကိန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ယခင်ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ/ အိမ်ခန်းသော့ အပ်နှံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ပြည်တွင်းရှိ အလွှာပေါင်းစုံ၊ ကဏ္ဍအသီးသီးမှ နိုင်ငံသားများအတွက် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေရသကဲသို့ မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားမျာ၊ စက်ရုံအလုပ်ရုံ လာရောက် တည်ထောင်မည့် နိုင်ငံခြားသားများအတွက် နေထိုင်မှု အဆင်ပြေစေနိုင်မည့် အိမ်ရာစီမံကိန်းများလည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent