ကျိုက်ထီးရိုးဒေသ ဝိဇ္ဇာတောင်နှင့် စမတောင်ကြားရှိ ပုညတောင်ကျောင်းတိုက်မှ ကိုရင်ခုနစ်ပါးအား နာကျင်ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို အမှုဖွင့် အရေးယူ

ကျိုက်ထီးရိုးဒေသ ဝိဇ္ဇာတောင်နှင့် စမတောင်ကြားရှိ ပုညတောင်ကျောင်းတိုက်မှ ကိုရင်ခုနစ်ပါးအား နာကျင်ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို အမှုဖွင့် အရေးယူ
Published 28 April 2018

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးဒေသ ဝိဇ္ဇာတောင်နှင့် စမတောင်ကြားရှိ ပုညတောင်ကျောင်းတိုက်မှ ကိုရင်ခုနစ်ပါးအား နာကျင်ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ် ရသေ့တောင်စခန်းရှိ စန္ဒကူးကျောင်းတိုက်တွင် နေထိုင်နေသူ ဒေါ်အေးသန်း (၃၉) နှစ် (ဘ) ဦးစံခိုင်မှ ဧပြီ ၂၆ ရက် မွန်းတည့် ၁၂ နာရီခွဲက ကင်မွန်းချောင်းနယ်မြေ ရဲစခန်းသို့ ရောက်ရှိလာပြီး ပုညတောင်ကျောင်းတိုက် ဆရာတော်က ကိုရင်လေးများအား အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ဆုံးမမှုအပေါ် လာရောက်တိုင်တန်းခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်အေးသန်းမှ လွန်ခဲ့သော ရှစ်လမှစ၍ ပုညတောင်ကျောင်းတိုက်ဆရာတော် ဥူးနာယက (ခ) နိုင်လင်းဆွေ (၃၄) နှစ် (ဘ) ဦးတင်မြင့် (ပဲခူးတိုင်းဒေသကြီး မြို့သစ်မြို့နယ်နေသူ) ထံတွင် ၎င်း၏ သားသုံးဦးဖြစ်သည့် ကိုရင်သောဘိတ (ခ) ချစ်ဦး (၁၂) နှစ်၊ ကိုရင်သာသနာ (ခ) ချစ်ပိုင်ဦး (၁၁) နှစ်၊ ကိုရင်ကုသလ (ခ) ချစ်ငယ် ခုနစ်နှစ်တို့သည် စားဝတ်နေရေး အဆင်မပြေသောကြောင့် စားဝတ်နေရေး အဆင်ပြေစေရန်နှင့် စာပေတတ်မြောက်စေရန် ရည်ရွယ်၍ သွားရောက်အပ်နှံခဲ့ကြောင်း၊ အဆိုပါ ကိုရင်သုံးပါးအတွက် ၁၀ ရက်၊ တစ်ကြိမ်ထောက်ပံ့ကြေး အနေဖြင့် ကျပ် ၃၅၀၀၀ ကို ၎င်းအနေဖြင့် ရရှိကြောင်း၊ ဧပြီ ၂၆ ရက် နံနက် ၃ နာရီတွင် ဒေါ်အေးသန်း နေထိုင်ရာ စန္ဒကူးကျောင်းတိုက်သို့ ရသေ့တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့များမှ ရောက်ရှိလာပြီး ပုညတောင်ကျောင်းတိုက် ဆရာတော် ဥူးနာယက၏ အုပ်ထိန်းမှုအောက်တွင်ရှိသော ကိုရင်များအား ပြင်းထန်စွာ ရိုက်နှက်ဆုံးမသဖြင့် ဒေါ်အေးသန်း၏သား ကိုရင်သုံးပါး အပါအဝင် ကိုရင်ခုနစ်ပါးမှာ ဒဏ်ရာ အနာတရဖြစ်နေကြောင်းကို ပြောပြသိရှိရကြောင်း၊ ထို့နောက် ရသေ့တောင်စခန်း အုပ်ချုပ်ရေးမှူးရုံးတွင် ၎င်း၏သားဖြစ်သူများအား မေးမြန်းခဲ့ရာ ဘုန်းကြီးဥူးနာယကက အရှည်နှစ်ပေခွဲခန့်၊ ဗြက်နှစ်လက်မခန့်ရှိ ပျဉ်ပြားဖြင့် ရိုက်နှက်ဆုံးမခဲ့ကြောင်း ကင်းမွန်းစခန်း နယ်မြေရဲစခန်းမှ ရဲမှတ်တမ်းများအရ သိရသည်။

“ကျောင်းက ကိုရင်လေးတွေကို အလှူခံခိုင်းတဲ့အခါမှာ ကိုရင်လေးတွေက ကျောင်းကို စောစောပြန်လာတဲ့အတွက် အလှူငွေအရ နည်းတယ်ပေါ့ဗျာ။ အဲဒီအတွက် ကိုရင်လေးတွေကို ရိုက်တာလို့ သိရပါတယ်” ဟု ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုညတောင်ကျောင်းတိုက် ဆရာတော် ဥူးနာယက၏ ရိုက်နှက်ဆုံးမမှုကြောင့် ကိုရင်ပညာသီရိ (ခ) ခန့်မင်းသူ ၁၃ နှစ် (ဘ) ဦးစိုးသီဟတွင် (တင်ပါးပွန်းရှ၊ ဖူးရောင်ဒဏ်ရာ)၊ ကိုရင်တေဇ (ခ) ထွန်းထွန်း ၁၀ နှစ် (ဘ) ဦးကိုဇော်တွင် (တင်ပါးပွန်းရှ၊ ဖူးရောင်ဒဏ်ရာ)၊ ကိုရင် ဝေပုလ္လ (ခ) ကိုေ၀ ၁၁ နှစ် (ဘ) ဦးသိန်းတွင် (တင်ပါးပွန်းရှ၊ ဖူးရောင်ဒဏ်ရာ)၊ ကိုရင်သုန္ဒရ (ခ) ပြည့်စုံ ၁၃ နှစ် (ဘ) ဦးထွန်းဝင်းတွင် (တင်ပါးပွန်းရှ၊ ဖူးရောင်ဒဏ်ရာ)၊ ကိုရင်သောဘိတ (ခ) ချစ်ဦး ၁၂ နှစ် (ဘ) ဦးစိုးနိုင်ဦး (တင်ပါးပွန်းရှ၊ ဖူးရောင်ဒဏ်ရာ)၊ ကိုရင်သာသနာ (ခ) ချစ်ပိုင်ဦး ၁၁ နှစ် (ဘ) ဦးစိုးနိုင်ဦးတွင် (တင်ပါးပွန်းရှ၊ ဖူးရောင်ဒဏ်ရာ)၊ ကိုရင်ကုသလ (ခ) ချစ်ငယ် (ဘ) ဦးစိုးနိုင်ဦးတွင် (တင်ပါးပွန်းရှ၊ ဖူးရောင်၊ ဦးခေါင်းဝဲဘက် သုံးချက်ချုပ်၊ ဦးခေါင်းထိပ် လေးချက်ချုပ်ဒဏ်ရာများ) အသီးသီး ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုရင်လေးများအား နာကျင်ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ဆုံးမသော ပုညတောင်ကျောင်းတိုက် ဆရာတော် ဥူးနာယက (ခ) နိုင်လင်းဆွေအပေါ် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ (ပ)၆၆/ ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၂၃/ ၃၂၅ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ထို့နောက် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရင်ပြင်တော်ရဲကင်းစခန်းမှူး ရဲအုပ်ဇော်မင်းဦး၊ ကျိုက်ထိုမြို့နယ်သာသနာရေး ဦးစီးမှူး ဦးဝေနိုင်တို့က ဥူးနာယက (ခ) နိုင်လင်းဆွေအား ပုညတောင်ကျောင်းတိုက်မှ ကင်မွန်းချောင်းနယ်မြေရဲစခန်းသို့ ပင့်ဆောင်လာခဲ့ပြီးနောက် ရဲစခန်း၌ ကင်မွန်းချောင်းကျေးရွာ စည်းကမ်းထိန်းသိမ်းရေး ဆရာတော် ဥူးတေဇနိယ (ဆုတောင်းပြည့် ကျောင်းတိုက်ဆရာတော်) မှ သိက္ခာချ လူဝတ်လဲစေခဲ့ကြောင်း၊ ယင်းနောက် ဥူးနာယက (ခ) နိုင်လင်းဆွေအား ကျိုက်ထိုမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဥူးကုဏ္ဍဍလနှင့် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာများက ကိုရင်ခုနစ်ပါးအား ရိုက်နှက်မှုအပေါ် စစ်ဆေးမေးမြန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးမှ ကလေးငယ်သုံးဦးအား ကိုရင်ဝတ်ပေးပြီး မိဘများကို ပြန်လည် ထောက်ပံ့ပေးမည်ဆိုကာ ကျောင်းသို့ ခေါ်ဆောင်ထားပြီး အလှူခံခိုင်းမှုများ ရှိခဲ့ကြောင်း၊ ကိုရင်လေးများအပေါ် ဆုံးမရာတွင် လက်လွန်သွားပါကြောင်းဖြင့် ဝန်ခံခဲ့ကြောင်း သိရသည်။

“မိဘတွေကို ထောက်ပံ့ပေးမယ်ဆိုပြီးတော့ ကလေးတွေကို ခေါ်လာတယ်။ ပြီးတော့ သင်္ကန်းဝတ်ပေးပြီးတော့ အလှူခံခိုင်းတယ်လို့ မြို့နယ်သံဃနာယကအဖွဲ့ရဲ့ စစ်ဆေးမေးမြန်းချက်အရ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသာသာသနာကို ခုတုံးလုပ်ပြီး သာသနာညှိုးနွမ်းအောင် ပြုလုပ်ခဲ့တဲ့ ဥူးနာယက (ခ) နိုင်လင်းဆွေကို မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ရာဇသတ်ကြီးပုဒ်မ-၂၉၅ (က) အရ ကျိုက်ထိုမြို့နယ် တရားရုံးမှာ တရားစွဲဆိုသွားမှ ဖြစ်ပါတယ်” ဟု ကျိုက်ထိုမြို့နယ် သာသနာရေးဦးစီးမှူး ဦးဝေနိုင်က ပြောကြားသည်။

ကျိုက်ထိုမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်မှ ပုညတောင်ကျောင်းတိုက် ဆရာတော် ဥူးနာယက (ခ) နိုင်လင်းဆွေ၏ ရိုက်နှက်ဆုံးမမှုကို ခံခဲ့ရသော ကိုရင် ခုနစ်ပါးအား လူဝတ်လဲစေ၍ မိဘများထံသို့ ပြန်လည်အပ်နှံစေရန်နှင့် ပုညတောင်ကျောင်းတိုက် အဆောက်အအုံကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာ သံဃနာယကအရှေ့တွင် သော့ပိတ်၍ ထိန်းသိမ်းထားရှိရန် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent