လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာရှိ ကာရာအိုကေဆိုင်အတွင်း မိတ်ဆွေအချင်းချင်း နောက်ပြောင်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာရှိ ကာရာအိုကေဆိုင်အတွင်း မိတ်ဆွေအချင်းချင်း နောက်ပြောင်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
Published 28 April 2018

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကာရာအိုကေဆိုင်အား တွေ့ရစဉ်

လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာတွင် ဖွင့်လှစ်ထားသော ကာရာအိုကေဆိုင်အတွင်း ဧပြီ ၂၆ ရက် ည ၈ နာရီခန့်တွင် မိတ်ဆွေအချင်းချင်း ပုဆိုးဆွဲချွတ်သည်ကို ရှက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သတင်းရရှိသည်။

လွိုင်ကော်မြို့ ဈေးပိုင်ရပ်ကွက်နေရာ အိမ်မှူး ဦးသိန်းတန်ဆိုသူအား ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ) မှ ဆက်ဆံရေးရုံးမှူးဖြစ်သူ ဦးစိုးညွန့်က ပစ္စတိုသေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ရာ နှစ်ချက်ထိမှန်သဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကာရာအိုကေ အခန်းအမှတ် (၁၀) တွင် အခြားမိတ်ဆွေသုံးဦးနှင့်အတူ သီချင်းဆို အရက်အတူ သောက်စားကြရာမှ စကားများရာမှ ဦးစိုးညွန့်မှာ ၎င်းပိုင်ကားအတွင်းမှ သေနတ်အားယူ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲအမှုတွဲမှတ်တမ်းအရ သိရသည်။

“သူတို့နှစ်ယောက်က မိတ်ဆွေချင်းချင်းပဲ။ အတူတူ ခဏခဏလာကြတယ်။ အခုကလည်း တစ်ခန်းတည်း သီချင်းဆိုနေရင်း ဦးသိန်းတန်ကစနောက်ပြီး ဦးစိုးညွန့်ပုဆိုးကို ဆွဲချွတ်စတာ။ ဦးစိုးညွန့်ကရှက်ပြီး ကားထဲမှာ ထားခဲ့တဲ့ သေနတ်သွားယူလာတယ်။ ဦးသိန်းတန်က ပစ်လေပစ်လေလို့ပြောတယ်။ နောက်တော့ ပစ်လိုက်တာလို့ သိရတယ်” ဟု မျက်မြင်သက်သေ ကာရာအိုကေဆိုင်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဦးသိန်းတန်မှာ ဝဲပေါင်ရှေ့နှင့် ပေါင်နောက် တစ်စင်တီမီတာခန့် ပေါက်ထွက်ဒဏ်ရာ တစ်ချက်စီ၊ ယာဒူးအထက်နှင့် ယာဒူးဘေး တစ်စင်တီမီတာပတ်လည်ခန့် ပေါက်ထွက်ဒဏ်ရာတစ်ချက်စီ ရရှိထားကြောင်း သိရသည်။

ကာရာအိုကေဆိုင်မှာ လွိုင်ကော်မြို့အထွက် မြေနီကုန်းကျေးရွာလမ်းမတန်းတွင် တည်ရှိကာ ဦးကျော်သိန်း ပိုင်သောဆိုင်ဖြစ်ပြီး ဆိုင်နာမည် အမည်ပေးထားခြင်း မရှိကြောင်း သိရသည်။

“စကားများပြီးတော့ ပစ်တယ်လို့ ပြောတာပဲ။ သူတို့လာခေါ်လို့ သွားကြည့်ပေးရတယ်လေ။ ရွာထဲကလူတွေဖြစ်တာ မဟုတ်ဘူး။ အပြင်ကလူတွေ သူတို့အချင်းချင်း ဖြစ်ကြတာ” ဟု မြေနီကုန်းကျေးရွာသူကြီးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား လွိုင်ကော်မြို့မ ရဲစခန်းက ၇၁/ ၂၀၁၈ / ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် ရဲအုပ်စိုင်းလှအောင်က တရားလိုပြုလုပ်လျက် အမှုဖွင့် အရေးယူထားသော်လည်း သေနတ်ဖြင့် ပစ်ခတ်သူ ဦးစိုးညွန့်ဆိုသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent