ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ သေလာဂီရိကျောက်တော်တောင် ဘုရားပွဲစတင် ကျင်းပ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ သေလာဂီရိကျောက်တော်တောင် ဘုရားပွဲစတင် ကျင်းပ
Published 28 April 2018

ယခင်နှစ်ကျောက်တော်တောင် ဘုရားပွဲရက်အတွင်း ကစ္ဆပနဒီမြစ်တွင် လှေများဖြင့် ရေကစားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- နေမျိုးအောင်)

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင် ဘုရားပွဲတော်ကို ဧပြီ ၂၇ ရက်က စတင်ကျင်းပလျက်ရှိရာ မေ ၁ ရက်အထိ စည်ကားစွာ ကျင်းပမည်ဟု သိရသည်။

အဆိုပါ ကျောက်တော်တောင်သည် ဗုဒ္ဓဘုရားရှင် ရခိုင်ပြည်နယ်သို့ ကြွချီတော်မူလာစဉ် ခဏရပ်နားခဲ့ရာ တောင်ဖြစ်သည်ဟုလည်း သမိုင်းမှတ်တမ်းများအရ သိရပြီး ကျောက်တော်တောင်ပွဲသည် ရခိုင်ပြည်နယ်အတွင်း အစည်ကားဆုံးသော ပွဲများအနက် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ရက်များအတွင်း ပြိုင်လောင်း (လှေ) ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲနှင့် အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပလေ့ရှိသည့်အပြင် ပွဲတော်သို့ လာရောက်သူများ အနေဖြင့် ကျောက်တော်တောင်ခြေရှိ ကစ္ဆပနဒီမြစ်အတွင်း လှေများစီးကာ ရေပက်ကြလေ့ရှိကြောင်း၊ ရေပေါ်သြင်္ကန်ဟုလည်း ခေါ်ဆိုကြပြီး လွန်စွာပျော်ရွှင်စရာကောင်းကြောင်း သိရသည်။

“နှစ်စဉ် စဉ်လာမပျက် ကျင်းပတဲ့ပွဲပေါ့၊ ဒီနှစ်ထဲမှာလည်း စည်ကားမယ်လို့ထင်တယ်။ အထူးသဖြင့်တော့ စနေ၊ တနင်္ဂနွေမှာ ပိုစည်ကားမယ်လို့ထင်တယ်။ ဘုရားပွဲဖြစ်တဲ့အပြင် ကျောက်တော်တောင်ရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ဂုဏ်သတင်းတွေကြောင့်လည်း ရခိုင်ပြည်နယ် အနှံ့အပြားက လာရောက်ကြလေ့ရှိတယ်။ ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲလည်း ထည့်သွင်းထားတယ်။ တခြားကစားပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။ ဒီနေ့တော့ အစနေ့မိုလို့ သိပ်တော့မစည်သေးဘူး။ မနက်ဖြန်လောက်မှစပြီး စည်ကားမယ် ထင်ပါတယ်” ဟု ကျောက်တော်မြို့မှ ဦးထွန်းခင်က ပြောကြားသည်။

ကျောက်တော်တောင်ပွဲသို့ ရခိုင်ပြည်နယ် အနှံ့အပြားမှ ဒေသခံများ လာရောက်ဆင်နွှဲကြလေ့ရှိပြီး ရုံးပိတ်ရက်များတွင် အများအားဖြင့် စည်ကားလေ့ရှိကြောင်းနှင့် လှေစီးပြီး ရေပက်ကြသည်ကို ပိုမိုစိတ်ဝင်စားကြလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent