သရုပ်ဆောင်ကြေး အများဆုံးရ အမျိုးသမီးသရုပ်ဆောင် စာရင်းတွင် အမ်မာစတုန်း ဦးဆောင်

သရုပ်ဆောင်ကြေး အများဆုံးရ အမျိုးသမီးသရုပ်ဆောင် စာရင်းတွင် အမ်မာစတုန်း ဦးဆောင်
Published 18 August 2017

Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သရုပ်ဆောင်ကြေး အများဆုံးရ အမျိုးသမီးသရုပ်ဆောင် စာရင်းတွင် အမ်မာစတုန်းက ဂျနီဖာလောရင့်ကို ကျော်တက်ပြီး နံပါတ် ၁ နေရာတွင် ဦးဆောင်ခဲ့သည်။

La La Land ဇာတ်ကားတွင် ရုန်းကန်လှုပ်ရှားရသည့် သရုပ်ဆောင်ဇာတ်ကောင်ဖြင့် ယခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့သည့် အသက် ၂၈ နှစ်အရွယ်ရှိ စတုန်းသည် တစ်နှစ်အတွင်း အခွန်မစည်းကြပ်မီ ဝင်ငွေဒေါ်လာ ၂၆ သန်း ရရှိခဲ့သည်ဟု Forbes ၏ နှစ်အလိုက်ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

Friends ဇာတ်လမ်းတွဲမှ သရုပ်ဆောင် ဂျနီဖာအနစ္စတန်သည်လည်း ဂျနီဖာလောရင့်ကို ကျော်တက်ပြီး ဝင်ငွေဒေါ်လာ ၂၅ ဒသမ ၅ သန်းဖြင့် Forbes ၏ စာရင်းတွင် နံပါတ် ၂ အဖြစ် ဖော်ပြခံခဲ့ရသည်။ အသက် ၄၈ နှစ်အရွယ်ရှိ အနစ္စတန်သည် ကြော်ငြာရိုက်ကူးမှုများကြောင့် ဝင်ငွေမြင့်တက်လာခဲ့သည်ဟု Forbes က ဆိုသည်။

အသက် ၂၇ နှစ်အရွယ်ရှိ လောရင့်သည် ဒေါ်လာ ၂၄ သန်းဖြင့် နံပါတ်သုံး၌ ဖော်ပြခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့သည့် Silver Linings Playbook ဇာတ်ကားဖြင့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည့် လောရင့်သည် ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၄၆ သန်းဖြင့် Forbes ၏ အဆိုပါစာရင်းတွင် နှစ်ကြိမ်ဆက်တိုက် နံပါတ် ၁ အဖြစ် ဖော်ပြခံခဲ့ရသည်။

Forbes ၏ အဆိုပါစာရင်းတွင် မီလစ် စာမက္ကာသီသည် ဒေါ်လာ ၁၈ သန်းဖြင့် စတုတ္ထနေရာနှင့် မီလာကူးနစ်က ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖြင့် ပဉ္စမနေရာတွင် အသီးသီး ဖော်ပြခံခဲ့ရသည်။

အမ်မာဝပ်ဆန်၊ ချားလိစ်သီယွန်၊ ကိတ်ဘလန်ချက်၊ ဂျူလီယာရောဘတ်နှင့် အေမီအဒမ်တို့သည်လည်း သရုပ်ဆောင်ကြေး အများဆုံးရ အမျိုးသမီးသရုပ်ဆောင် ထိပ်တန်း ၁၀ ဦးထဲတွင် ပါဝင်ခဲ့သည်။

ယင်း ၁၀ ဦး၏ စုစုပေါင်းဝင်ငွေသည် ဒေါ်လာ ၁၇၂ ဒသမ ၅ သန်းရှိပြီး ပြီးခဲ့သည့်နှစ် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂၀၅ သန်းထက် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent