ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ဒေသအတွင်း JICA အကူအညီဖြင့် နွေနှမ်းပြောင်းလဲ စိုက်ပျိုးနေသော်လည်း နည်းပညာ ရင်းနှီးမှုမရှိခြင်းကြောင့် အထွက်နှုန်း ကောင်းမွန်ခြင်းမရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်မှစတင်၍ ပြည်ဒေသအတွင်း နွေရာသီ အစားထိုးသီးနှံအဖြစ် နှမ်းမျိုးစေ့အသစ်နှင့် နည်းပညာအသစ်များကို JICA မှ တောင်သူများကို စမ်းသပ်စိုက်ပျိုးစေခဲ့ပြီး အခြားဒေသများသို့လည်း သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း တောင်သူများမှာ နည်းစနစ်ကျွမ်းကျင်မှု မရှိသေးခြင်းကြောင့် အထွက်နှုန်း ကောင်းမွန်ခြင်းမရှိသေးကြောင်း တောင်သူများထံမှ သိရသည်။
“ခါတိုင်းတော့ နှမ်းကိုမစိုက်ပျိုးဖူးဘူး။ အခု JICA နဲ့တွေ့မှ နှမ်းကိုစမ်းပြီး စိုက်ပျိုးတာ။ တစ်ခါမှလည်း ဒီအချိန်မစိုက်ပျိုးဘူးတော့ မိုးနှမ်းဆိုရင်တော့ တစ်ဧကကို ၁၂ တင်းလောက်ထွက်တယ်။ အခု နွေနှမ်းမှာတော့ အဲဒီလောက်ရချင်မှရမယ်။ ရှစ်တင်းကျော်တော့ မှန်းထားပါတယ်။ သူတို့ပေးတဲ့ နည်းအတိုင်း ရေသွင်းရမယ့်အကြိမ်ရေ နှစ်ကြိမ်လောက် ပျက်သွားတယ်။ ပဲက မပြတ်သေးတော့ မှုံးတာလည်း မမှုံးဖြစ်လိုက်ဘူး။ သူတို့ပြောတဲ့နည်းအတိုင်း အသေအချာ စိုက်မယ်ဆိုရင်တော့ တစ်ဧကကို တင်း ၂၀ လောက်တောင် ထွက်ဖို့ဖြစ်နိုင်ပါတယ်” ဟု ပေါင်းတလည်မြို့ အုပ်ဆွဲကျေးရွာကွင်းမှ မျိုးစပါးနှင့် မျိုးသန့်ထုတ်လုပ်သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။
နှမ်းမျိုးစေ့သစ်များဖြစ်သည့် သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ (၃) စတင်စိုက်ပျိုးခဲ့ရာ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးရေးနည်းပညာရှင်များ၊ JICA နှင့် PROFIA (ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ အကျိုးအမြတ် ဖြစ်ထွန်းစေမည့် ရေသွင်းစိုက်ပျိုးရေးစီမံကိန်း) တို့မှ ပူးပေါင်းကာ နည်းပညာသစ်များ ဖြန့်ဖြူးပေးခြင်း၊ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ကျောက်ဆည်ဒေသသို့လည်း တောင်သူများကို စေလွှတ်ကာ နည်းပညာများရယူစေခြင်းတို့ကိုလည်း ဆောင်ရွက်စေခဲ့ကြောင်း တောင်သူများအနေဖြင့် အကျွမ်းတဝင်ရှိရန် ပိုမိုအားစိုက်လေ့လာရန် လိုအပ်နေကြောင်း သိရသည်။
“ဒီနှစ်မှာ ကျွန်တော်တို့ သွားလေ့လာတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ စိုက်ပြီးနေပြီ။ အဲဒါကြောင့် အရမ်းပြန်ပြင်လို့မရတော့ဘူး။ လေ့လာရေးခရီးက နောက်ကျနေတယ်။ အဲဒီအချိန်မှာ ခါတိုင်းဒေသစိုက်နည်းအတိုင်း စိုက်ပြီးနေပြီ” ဟု ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ပေါင်းနွယ်ခြုံအုပ်စု သံပရာပင်ကျေးရွာမှ တောင်သူကိုကျော်စိုးဦးက ပြောကြားသည်။
ပြည်ဒေသတွင် ယခင်နှစ်များက နွေစပါးတစ်မျိုးတည်းသာ စိုက်ပျိုးခဲ့ပြီး ရေသွင်းရာတွင် လုံလောက်မှုမရှိခြင်း အထွက်နှုန်းနည်းခြင်း၊ ရိတ်သိမ်းချိန်နောက်ကျသဖြင့် မိုးစပါး စိုက်ပျိုးရာတွင် အချိန်မလောက်ခြင်းများအပြင် မတ်ပဲဈေးမှာလည်း တည်ငြိမ်မှုမရှိခြင်းများ၊ အရှုံးပေါ်ခြင်းများရှိနေ၍ နှမ်းကို ပြောင်းလဲစိုက်ပျိုးရန် အကူအညီများပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှမ်းများကို စိုက်ပျိုးရာတွင် ဇန်နဝါရီလလယ်တွင် စတင်စိုက်ပျိုးနိုင်ကာ ရက်ပေါင်း ၉၀ တွင် ရိတ်သိမ်းနိုင်ကာ PROFIA အဖွဲ့၏ အကူအညီဖြင့် သံပရာပင်ကျေးရွာတွင် ပင်ဧကပေါင်း ၆၀ ကျော် စိုက်ပျိုးပြီး တောင်သူအချင်းချင်း စိုက်နည်းများယူ၍ စိုက်ပျိုးသည့်ဧကမှာ ၉၀ ဧကကျော်ရှိကြောင်း၊ ရေသွင်းစိုက်ပျိုးရာတွင် နွေစပါးတစ်ဧကအတွက် ရေကို နှမ်းတွင် သုံးဧကအထိ အသုံးပြုနိုင်သည့်အတွက် ရေကိုအကျိုးရှိရှိ အသုံးချနိုင်သည့်အပြင် တောင်သူများအတွက် ငွေကြေးအမြတ်ပိုရရှိနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။