<

မိတ္ထီလာမြို့နယ် ကျီးပင်ဂွကျေးရွာအနီးရှိ ကြက်ဝိုင်းအား ဖမ်းဆီးရာ လူလေးဦး၊ ဆိုင်ကယ် ၄၀ ကျော်၊ ဖုန်းခုနစ်လုံးနှင့် ကြက်ခုနစ်ကောင် ဖမ်းဆီးရမိ

မိတ္ထီလာမြို့နယ် ကျီးပင်ဂွကျေးရွာ အနောက်ဘက် သုသာန်အနီးရှိ ကြက်ဝိုင်းအား သွားရောက်ဖမ်းဆီးခဲ့ရာ အမျိုးသားလေးဦးနှင့် အမျိုးအစားစုံ ဆိုင်ကယ် ၄၁ စီး၊ အမျိုးအစားစုံ လက်ကိုင်ဖုန်းခုနစ်လုံး၊ တိုက်ကြက် ရောင်စုံခုနစ်ကောင်နှင့် အမျိုးအစားစုံ ဖိနပ် ၂၁ ရန်၊ လောင်းကြေးငွေကျပ် ၅၆၅၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာမြို့ အမှတ်(၃)နယ် မြေရဲစခန်းမှ သိရသည်။

ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက မိတ္ထီလာခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ဒုရဲအုပ် လှစိုးမိုးနှင့် နယ်မြေရဲစခန်းမှ ဒုရဲအုပ်သိပ္ပံတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိတ္ထီလာမြို့နယ် ကျီးပင်ဂွကျေးရွာ အနောက်ဘက် သုသာန်အနီးရှိ ကြက်ဝိုင်းအား သွားရောက်ဖမ်းဆီးခဲ့ရာ ဦးသိန်းဝင်း (၆၃ နှစ်) ဦးဖိုးခင်(၆၇ နှစ်)၊ ကိုသိန်းအောင် (၅၆ နှစ်)၊ ဦးညွှန့်ရှိန် (၅၆ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ပြီး လောင်းကြေးငွေကျပ် ၅၆၅၀၀၊ ကြက်တိုက်လောင်းကစားရာတွင် ထွက်ပြေးသွားသူများ စီးနင်းမောင်းနှင် အသုံးပြုသည့် အမျိုးအစား စုံဆိုင်ကယ် ၄၁ စီး၊ ရောင်စုံတိုက်ကြက်ခုနစ်ကောင်နှင့် အမျိုးအစားစုံ ဖိနပ် ၂၁ ရန်၊ ကြက်တိုက်ရာတွင် အသုံးပြုသည့်နာရီတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“ကြက်ဝိုင်းသွားဖမ်းတာ ကျန်တဲ့လူတွေက ထွက်ပြေးသွားတော့ ဆိုင်ကယ် ၄၁ စီး၊ လူကလေးဦး ဖမ်းဆီးရမိတယ်၊ ကြက်က ခုနစ်ကောင်၊ ဖုန်းက ခုနစ်လုံး ဖမ်းဆီးရမိတယ်၊ ကြက်တိုက်ရင် ၀ိုင်းထဲမှာသုံးတဲ့ နာရီ၊ ဥပမာ ကြက်ရေပေးတာတို့၊ မှုတ်ပေးတာတို့ မှတ်တဲ့နာရီပေါ့ဗျာ။ သူတို့ သုံးနေကျနာရီတစ်လုံးမိတယ်၊ ကျန်တာတွေက ထွက်ပြေးကုန်တယ်၊ ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးလောက် ပထမသွားတာ အင်အားမနိုင်လို့ နောက်ထပ် အင်အား ၂၀ လောက်နဲ့ ပြန်ဝိုင်းတာပေါ့။ အဲ့ဒီကျ နည်းနည်းနောက်ကျသွားတော့ ထွက်ပြေးကုန်တယ်၊ နောက်ကျသွားတော့ အသက်ကြီးလို့ မပြေးနိုင်တဲ့ အပိုင်းတွေ မိလာတယ်။ ဆိုင်ကယ်တွေကို ကားနဲ့တင် ဖမ်းလာတယ်၊ ဖိနပ်တွေလည်း သိမ်းလာလိုက်တယ်၊ လောလောဆယ်တော့ ဖမ်းဆီးရမိတဲ့ လူတွေကို ဆက်စစ်နေတယ်” ဟု အမှတ်(၃)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်လွင်က ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

အဆိုပါ အမှုအား အမှတ်(၃)နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်လွင်က အမှုစစ်အဖြစ် ဆောင်ရွက်ကာ (ပ)၇၁/၂၀၁၈ လောင်းကစားဥပဒေပုဒ်မ ၁၂(က) ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

April 26, 2018














Copy Protected by Chetan's WP-Copyprotect.