<

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ KTV သို့ လာရောက်သူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ကျော် ဖမ်းဆီးရမိ

မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်ရှိ အကယ်ဒမီ KTV စားသောက်ဆိုင်တွင် ဧပြီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်က ဆိုင်သို့လာရောက်သူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြိုင်သာယာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် တိုင်းရင်းဆေးရုံလမ်းရှိ အကယ်ဒမီ KTV ဆိုင်သို့ မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်စစ်ဆေးရှာဖွေရာ အခန်းအမှတ် (VIV-1) အတွင်းရှိ မော်လမြိုင်မြို့ မောင်ငံရပ်ကွက် ဆီဆုံရပ်နေ ဇင်ကိုအောင် (၃၄) နှစ် (ဘ) ဦးအောင်မြင့်နှင့် မော်လမြိုင်မြို့ မောင်ငံရပ်ကွက် အောင်တော်မူ (၃) လမ်းနေ မဇူလိုင်ဦး (၃၁) နှစ် (ဘ) ဦးမြင့်ဝင်းတို့နှစ်ဦးအား အသင့်တွေ့ရှိရပြီး ရှာဖွေရာ ၎င်းတို့ နှစ်ဦးထိုင်နေသည့် ဆိုဖာဆက်တီနောက် အမှီပေါ်ရှိ တစ်ရှူးဘောက်စ်အတွင်းတွင် ဖယောင်းစက္ကူဖြင့် ပါကင်ထုပ်ပြုလုပ်ထားပြီး အဆိုပါ အထုပ်အတွင်း အပြာရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၅ ပြား စုစုပေါင်း ၉၂၈၅ ပြား (တန်ဖိုးကျပ်- ၄၆၄၂၅၀၀၀) သိမ်းဆည်းရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများနှင့်အတူ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကိုပါ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့သူ နှစ်ယောက်ကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ ဒီမူးယစ်ဆေးဝါးတွေကို ဧပြီ ၂၅ ရက် မနက် ၈ နာရီလောက် ကျိုက်မရောမြို့နယ် ခုနစ်ခွေတောင်တက်လမ်းမှာ ကရင်လူမျိုးတစ်ယောက်က လာရောက်ပို့ဆောင်ပေးခဲ့ပြီးတော့ ပြန်လည်ရောင်းချဖို့ ၀ယ်ယူထားရှိတယ်ဆိုပြီး စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုလည်း ဖမ်းဆီးရမိနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇင်ကိုအောင်နှင့် မဇူလိုင်ဦးတို့နှစ်ဦးအပေါ် မြိုင်သာယာနယ်မြေရဲစခန်းမှ မယ (ပ) ၇/၂၀၁၈၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ- ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

April 26, 2018














Copy Protected by Chetan's WP-Copyprotect.