ထားဝယ်မြို့ပေါ်တွင် နေအိမ်ပေါ်၌ အိပ်နေသည့် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ရောက် ထိုးသတ်ပြီး ထွက်ပြေးမှု ဖြစ်ပွား

ထားဝယ်မြို့ပေါ်တွင် နေအိမ်ပေါ်၌ အိပ်နေသည့် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ရောက် ထိုးသတ်ပြီး ထွက်ပြေးမှု ဖြစ်ပွား
Published 27 April 2018

အခင်းဖြစ်ပွားခဲ့သည့်နေအိမ်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ ပုံကျွန်းရပ်ကွက် သမာဓိလမ်း (ကြခတ်ပင်ကျောင်းလမ်း) ပေါ်၌ ဧပြီ ၂၆ ရက် နံနက် ၃ နာရီခန့်က နေအိမ်ပေါ်၌ အိပ်နေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ရောက် ထိုးသတ်ပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ နံနက်၂ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်ပေါ်၌ တစ်ဦးတည်း အိပ်ပျော်နေစဉ် ကြက်သွန်လှီးဓားဖြင့် အထိုးခံခဲ့ရခြင်းဖြစ်ကြောင်း၊ သုံးထပ်ရှိ နေအိမ်၏ ဒုတိယထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်ပွားသည့် အချိန်တွင် နေအိမ်၌ဓားဖြင့် အထိုးခံခဲ့ရသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်းသာ ရှိနေချိန်ဖြစ်ပြီး ဓားဖြင့် အထိုးခံရမှုကြောင့် မြဝတီဘဏ်ဝန်ထမ်းဖြစ်သည့် မအေးစုလွင်တွင် လည်ပင်းဝဲဘက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ယာလက်ခုံပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာသုံးချက်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ကုသမှုခံယနေရကြောင်း ထားဝယ်မြို့မရဲစခန်းမှရရှိသည့် မှုခင်းမှတ်တမ်းအရ သိရသည်။

“ကျွန်တော်တို့ရုံးမှာ ဆိုင်ကယ်နဲ့ လာခေါ်တဲ့အချိန်ဆို မနက် ၃ နာရီထိုးပြီးပြီ။ အိမ်မှာ ဓားထိုးခံရလို့ဆိုပြီး လာခေါ်တယ်။ ဖြစ်တဲ့နေရာမေးတော့ ကြခတ်ပင်ကျောင်းလမ်းထဲမှာဆိုတော့ ကျွန်တော်တို့ဆီက A-2 ကား ထွက်သွားတယ်။ ကျွန်တော်တို့ လိုက်သွားတော့ လူနာက အိမ်အောက်ရောက်နေပြီ။ သူ့ဘာသာ ဆင်းလာပြီးတော့ ခုံတန်းရှည်မှာ ထိုင်နေတယ်ပေါ့။ ကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာ ဒဏ်ရာက သွေးတအားထွက်နေပြီး ဘယ်ဘက်ဗိုက်က ထိုးသွင်းဒဏ်ရာသုံးချက်မှာ အထဲက ကလီစာနဲ့ အခြားအစိတ်အပိုင်းအချို့ ထွက်နေပြီ။ လည်ပင်းမှာလည်း သုံးလက်မလောက် ပြတ်ရှဒဏ်ရာ ရှိနေတယ်။ ပြီးတော့ ညာဘက်လက်ဖမိုးမှာ ပြတ်ရှဒဏ်ရာတစ်ချက် ရှိနေတယ်။ ဒီတော့ ကျွန်တော်တို့က သွေးတိတ်အောင် အရင်လုပ်ပြီး ဆေးရုံကို ပို့လိုက်တာပေါ့။ ဆေးရုံရောက်တဲ့ အချိန်မှာ သူသတိတော့ ကောင်းနေတယ်။ မေးတာတွေ တော်တော်များများ သူဖြေနိုင်တယ်။ ကျွန်တော်တို့ကတော့ သူ့ကိုသိပ်မဖြေခိုင်းဘူး။ စကားများများပြောရင် ညှစ်ထုတ်သလို ဖြစ်မှာစိုးလို့။ သူ ပြောနိုင်တဲ့အချိန်မှာ ပြောလိုက် နားလိုက်နဲ့တရားခံကို ဖော်ထုတ်နိုင်ဖို့လိုအပ်တာတွေ မေးတယ်။ အခင်းဖြစ်တဲ့အချိန်မှာ အဲဒီအိမ်မှာ အတူနေတဲ့ ဦးလေးနဲ့ အဒေါ်ဖြစ်သူက ခရီးထွက်သွားလို့ မိန်းကလေးတစ်ယောက်တည်း ရှိနေတဲ့အချိန်ဖြစ်ခဲ့တာပါ” ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာအခမဲ့ သယ်ယူရေးအဖွဲ့မှ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောကြားသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ နံနက် ၃ နာရီဝန်းကျင်တွင်ဖြစ်နိုင်ပြီး ၎င်းတို့အဖွဲ့ထံ လာရောက်ခေါ်ယူခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးခဲ့ကြောင်း၊ လူနာအား ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီးနောက် လိုအပ်သည့် သွေးနှင့်အရေးပေါ် ကုသမှုများ ပြုလုပ်ပေးထားခဲ့ပြီး ၎င်းရှိနေသည့် နံနက် ၆ နာရီခွဲထိ ခွဲစိတ်ခြင်းမရှိသေးကြောင်း ကိုနိုင်မျိုးသွင်၏ ပြောကြားချက်အရ သိရသည်။ နေအိမ်ပေါ်၌ အိပ်နေစဉ် ဓားဖြင့်အထိုးခံခဲ့ရသော မိန်းကလေးအား မေးမြန်းရာ၌ ကျူးလွန်သူမှာ နေအိမ်နောက်ဘေးဘက်မှ ဝင်ရောက်လာသည့် ပုံစံရှိပြီး အိပ်ရာမှနိုး၍ ကြည့်လိုက်သည့်အချိန်တွင် လူတစ်ဦးမှာ ၎င်း၏နံဘေးသို့ ရောက်ရှိနေကြောင်း သိရသဖြင့် အော်ဟစ်ခဲ့ကြောင်း၊ ထိုသို့အော်ဟစ်ရာ ကျူးလွန်သူက မအော်ရန်ပြော၍ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ လည်ပင်းအား ဓားဖြင့် လှီးခဲ့သောကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေချိန်တွင် ၎င်း၏ ဗိုက်အား ဓားဖြင့်ထိုးခဲ့ကာ နေအိမ်၏ ဒုတိယထပ် အခန်းအရှေ့ဘက်မှ ထွက်ပြေးသွားခဲ့ကြောင်း၊ ကျူးလွန်သူက ဝမ်းဗိုက်အား ထိုးခဲ့သည့်ဓားကို မိန်းကလေးက လုယူထားခဲ့သဖြင့် ကျန်ရစ်ခဲ့ပြီး ကျူးလွန်သူမှာ အပေါ်တွင် အပြာရောင်ဂျင်းအင်္ကျီနှင့် အောက်တွင် အနက်ရောင်ဘောင်းဘီ ဝတ်ဆင်ထားကာ နှာခေါင်းပိတ် တပ်ထားသည်ကို တွေ့ရကြောင်း ဓားဖြင့်အထိုးခံသူက ပြောကြားခဲ့သည်ဟု ကိုနိုင်မျိုးသွင်က ဆက်လက် ပြောကြားသည်။

မအေးစုလွင်အား နေအိမ်ပေါ် တက်ရောက်ပြီး ဓားဖြင့်ထိုးသူကို စုံစမ်းဖော်ထုတ်ပေးရန် အဘိုးဖြစ်သူ ဦးဆန်းရွှေက တိုင်တန်းခဲ့သဖြင့် ထားဝယ်မြို့မ ရဲစခန်းမှ (ပ)၇၆၄/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၉ ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံဖြစ်သူအား ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

ဧပြီ ၂၆ ရက် ညနေ ၄ နာရီအထိ နောက်ဆုံးရရှိထားသော သတင်းအရ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားသောဓားဖြင့် အထိုးခံသူအမျိုးသမီးမှာ ရရှိထားသော ဒဏ်ရာများအား မွန်းလွဲ ၁ နာရီခွဲမှစတင်၍ ခွဲစိတ်ကုသမှု ခံယူနေဆဲဖြစ်ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်တာဝန်ခံ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် ညကလည်း ထားဝယ်မြို့ရှိ ဆန်းချီရပ်ကွက် ကျွန်းမွှေးလမ်းတွင် နေအိမ်အပေါ်ထပ်၌ တစ်ဦးတည်းရှိနေသော အသက် ၂၃ နှစ်အရွယ်အမျိုးသမီး တစ်ဦးအား ရည်းစားဖြစ်သူက ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့၍ သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် လောင်းလုံးမြို့ရှိ (က) ရပ်ကွက်ရှိ မြို့ဦးထိန်သစ်ကျောင်း၌လည်း ဧပြီ ၁၅ ရက် နံနက်ပိုင်းက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ်တွင် ပန်းကန်ဆေးနေသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးအား အသက် ၁၇ နှစ်အရွယ် လူငယ်က ကြက်သွန်လှီးသည့် ဓားဖြင့် နောက်ကျောကို ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထားဝယ်ဒေသတွင် ယခုနှစ်အစောပိုင်းမှစ၍ ဓားဖြင့်ထိုးသတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ဒေသခံများအကြား ထိတ်လန့်မှု ဖြစ်ပွားနေပြီး နေအိမ်၌ နေထိုင်နေသော်လည်း လုံခြုံမှုအပေါ် စိုးရိမ်နေရသည့် အခြေအနေ ဖြစ်လာကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

Most Read

Most Recent