ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် ထိုင်းနိုင်ငံမှ မှာယူတင်သွင်းသော Bio Foam A ပီပါအလုံး ၄၀ မြဝတီချစ်ကြည်ရေးတံတားမှ ရန်ကုန်မြို့သို့သယ်ဆောင်

ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် ထိုင်းနိုင်ငံမှ မှာယူတင်သွင်းသော Bio Foam A ပီပါအလုံး ၄၀ မြဝတီချစ်ကြည်ရေးတံတားမှ ရန်ကုန်မြို့သို့သယ်ဆောင်
Published 27 April 2018

Bio Foam A ပီပါ အလုံး ၄၀ တင်ဆောင်လာသော မော်တော်ယာဉ်အား မြဝတီချစ်ကြည်ရေးတံတားတွင် ဧပြီ ၂၆ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် အရေးပေါ်လိုအပ်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ထိုင်းနိုင်ငံမှ မှာယူတင်သွင်းသော Bio Foam ပီပါ အလုံး ၄၀ အား ထိုင်းမော်တော်ယာဉ် ၁၀ ဘီးယာဉ်အမှတ် ၇၀-၂၅၈၃ ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ မြဝတီ ချစ်ကြည်ရေးတံတားထိပ်သို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၆ ရက်က ဝင်ရောက်လာပြီး ချစ်ကြည်ရေး တံတားထိပ်၌ ချစ်ကြည်ရေးတံတား တာဝန်ကျ အကောက်ခွန်ဦးစီးဌာနမှ ကြိုဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် အကောက်ခွန်ဦးစီးဌာနမှ ဒုလက်ထောက်အကောက်ခွန်မှူး ဦးသိန်းနိုင် လိုက်ပါလျက် မယ်ကနယ်ကျေးရွာ ထိုင်းဂက်စ်လမ်းရှိ အောင်အောင်ဂိုဒေါင်သို့ ဆက်လက်သယ်ဆောင်သွားကြောင်း၊ အဆိုပါ ဂိုဒေါင်မှ မြန်မာမော်တော်ယာဉ်ဖြင့် ပြောင်းလဲ တင်ဆောင်၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်သည့် နေရာသို့ ဆက်လက်သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ Bio Foam မှာယူခြင်းအတွက် ကုန်ကျစရိတ် အသေးစိတ်ကို မသိသေးသော်လည်း ကုန်ကျစရိတ်အတွက် ပြည်ထောင်စုအစိုးရက တာဝန်ယူမည်ဖြစ်ပြီး မြဝတီလမ်း ကြောင်းမှ တစ်ဆင့် တင်သွင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံ မီးလောင်မှုကြောင့် လိုအပ်လာပါက မီးခိုးငွေ့လွတ်ရာတွင် ယာယီဘေးကင်းစင်တာအဖြစ် လုပ်ဆောင်ရန်အတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများမှ နှလုံးရောဂါ အခံရှိသူ၊ ကိုယ်ခံအားနည်းသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များက စာရင်းကောက်ယူနေကြောင်း ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

“တစ်ဖက်က မီးခိုးငွေ့တွေ ရပ်သွားအောင် မီးကို မြန်မြန်ငြိမ်းအောင် လုပ်နေသလို တစ်ဖက်ကလည်း ဆေးရုံတင်ဖို့ လိုအပ်လာတယ်ဆိုရင် အဆင်သင့်ပြင်ထားပါ တယ်။ ရပ်ကွက်ထဲမှာလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ ကိုယ်စားလှယ်တွေနဲ့က အိမ်ထောင်စု တွေထဲမှာ နှလုံးရောဂါအခံရှိတဲ့သူ၊ ကိုယ်ခံအားနည်းတဲ့သူ၊ ပန်းနာရင်ကျပ်ရှိတဲ့သူ၊ သက်ကြီးရွယ်အို ကျန်းမာရေးမကောင်းတဲ့သူတွေကို စာရင်းကောက်နေတယ်။ မီးခိုငွေ့နဲ့ လွတ်တဲ့နေရာကို ယာယီဘေးကင်းစင်တာဖြစ် ဖြစ်လုပ်ဖို့ စိတ်ကူးနေပါတယ်” ဟု ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ရာခိုင်နှုန်း ၈၀ ခန့် ထိန်းနိုင်ပြီ ဖြစ်ပြီး မီးငြှိမ်းသတ်ရန်အပြင် မီးခိုးများ ငြှိမ်းသတ်နိုင်ရန် Bio Farm နည်းပညာသုံးပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့်  ထိန်ပင်အမှိုက်ပုံ မီးအမြန်ငြှိမ်းသတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အရေးအကြီးဆုံး လိုအပ်တာက လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ဖို့ရယ်၊ ကျန်းမာရေး ကိစ္စဝန်ဆောင်မှု ပေးနိုင်ဖို့ရယ်၊ မီးလောင်နေတဲ့ အမှိုက်ပုံကို မီးကူးစက်မှုမရှိစေရေးက ပထမအဆင့်၊ ဒုတိယအဆင့်က အပြီးသတ် မီးငြှိမ်းသတ်ရေးနဲ့ မီးခိုးပျောက်သွားဖို့ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့အဆင့်က မီးမကူးစက်ရေးကိုတော့ ထိန်းနိုင်ပြီ။ မီးငြှိမ်းသတ်ရေးကို ရာခိုင်နှုန်း ၈၀ လောက် ထိန်းနိုင်ပြီ။ မထိန်းနိုင်သေးတာ မီးခိုးဖြစ်ပါတယ်။ မီးခိုးကို နည်းပညာပိုင်းဆိုင်ရာနဲ့ ထပ်ပြီးဆောင်ရွက်နိုင်ဖို့ Bio Farm သုံးမယ်ဆိုတဲ့ အစီအစဉ်ဆောင်ရွက်ထားတယ်။ အခုမှာယူထားတယ်၊ ဒါက ၃၆ နာရီအတွင်း ရောက်လာနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်၊ ဒါက မီးငြှိမ်းသတ်ရေးနဲ့ မီးခိုးပါအပြီး ငြှိမ်းသွားနိုင်ဖို့ ဖြစ်ပါတယ်။ လတ်တလော ဖြစ်နေတဲ့နေရာက ပတ်ဝန်းကျင်မှာလေထုညစ်ညမ်းသွားတဲ့ အခြေအနေရှိပါတယ်။ လေထု ညစ်ညမ်းသွားတဲ့ အခြေအနေပေါ်မှာမူတည်ပြီး လေထုညစ်ညမ်းမှုကိစ္စကတော့ လတ်တလောမှာ နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျွန်တော် တို့ဆောင်ရွက်နိုင်တဲ့ နယ်ပယ်ရဲ့အပြင်မှာ ရောက်နေတယ်။ ဒီအပိုင်းကိုတော့ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ပဲ ကျားကန်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent