ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုတွဲများနှင့် စစ်ဆေးချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူကြည့်ရှုစစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုတွဲများနှင့် စစ်ဆေးချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူကြည့်ရှုစစ်ဆေး
Published 26 April 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုတွဲများနှင့် စစ်ဆေးချက်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တောင်းယူကြည့်ရှုစစ်ဆေးနေကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုတွဲများနှင့် လက်ရှိအချိန်အထိ စစ်ဆေးချက်များအား ကြည့်ရှုရန် ပြည်ထောင်စုတရားလွှတ်ချုပ်က၂၀၁၈ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၅ အမှုဖွင့်ပြီး တောင်းယူသည့်အတွက် ဧပြီ ၁၉ ရက်က ဒက္ခိဏခရိုင်ရုံးတရားရုံးမှ အမှုတွဲများနှင့် စစ်ဆေးချက်များပေးပို့ထားကြောင်း သိရသည်။

“ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြီးတော့ သူ့ရဲ့အမှုတွေအားလုံးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ၂၀၁၈ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၅ ဖွင့်ထားပြီး ကြည့်ရှုဖို့ တောင်းတဲ့အတွက် အမှု ၁၂ မှုလုံးကို ကျွန်တော်တို့ ၁၉ ရက်နေ့က ပို့လိုက်တယ်။ အဲဒီလိုပေးပို့ထားတဲ့အတွက် မစစ်ဆေးဖြစ်ဘူး။ ဘယ်သူလျှောက်ထားလဲတော့ မသိဘူး။ တစ်ခုခုလျှောက်ထားတဲ့အတွက် တောင်းတာပေါ့” ဟု ဒုတိယတရားသူကြီး  ဦးခင်မောင်ထွေးက ပြောကြားသည်။

ယင်းကဲ့သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြည့်ရှုစစ်ဆေးပြီး အမှုတွဲအား သက်ဆိုင်ရာတရားရုံးသို့ ပြန်လည်ပေးပို့မှသာ တောင်းယူကြည့်ရှုသည့်အကြောင်းရင်းကို သိရှိရမည်ဖြစ်ကြောင်း ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက ဆိုသည်။

၎င်းက “သူတို့ဘက်က ပြန်ပို့လိုက်ရင် တစ်ခုခုအမိန့်ချရင်လည်း အမိန့်ပါလာမှာပေါ့။ သူတို့ပြန်ပို့မှအကြောင်းရင်းကို သိရမှာပေါ့” ဟု ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ဧပြီ ၂၅ ရက် ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းမရှိဘဲ ချုပ်ရက် ရမန်ယူကာ လာမည့် မေ ၂ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်ပါဝင်ပတ်သက် သူများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရဲစခန်းများက လက်နက်အက် ဥပဒေပုဒ်မ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၂၀၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉-က/ ၁၉(စ)၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/ ၂၁၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ၇၊ လက်နက်အက်ဥပဒေ ၉(စ)/၁၉ (က)နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံးရုံးထုတ်စဉ်က တရားစွဲဆိုထားသည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါသုံးဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက်တရားစွဲဆိုထားသည်။

ဖြိုးကိုကိုတင့်ဆန်းတစ်ဦးတည်းအား ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာနယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆ (၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈ ဖြင့် ဒက္ခိဏသီရိမြို့နယ်ရဲစခန်းက ၁၉၂၃ ခု နှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၆ (၃) ဖြင့် ဇန်နဝါရီ ၁၀ ရက် တတိယအကြိမ်ရုံးထုတ်ရာတွင် ဆက်လက်တရားစွဲတင်ခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော်ဒက္ခိဏသီရိခရိုင် တရားရုံးတွင် ရာဇသတ်ကြီးမှု ပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှုပုဒ်မနှစ်ခု စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀ ခုဖြင့် တရားစွဲတင်ထားရာ ဆက်သွယ်ရေး ဥပဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပ ဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း ဇန်နဝါရီ  ၂၄ ရက် ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ခဲ့သည်။

Most Read

Most Recent