တနိုင်းဒေသ လီဒိုလမ်းကြောင်းသည် တရုတ်နိုင်ငံ၏ One Belt One Road စီမံကိန်းနှင့်ပတ်သက်နိုင်သဖြင့် နယ်မြေစိုးမိုးမှုအတွက် တပ်မတော်အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်နေခြင်း ဖြစ်နိုင်ကြောင်း KIO ပြောကြား

တနိုင်းဒေသ လီဒိုလမ်းကြောင်းသည် တရုတ်နိုင်ငံ၏ One Belt One Road စီမံကိန်းနှင့်ပတ်သက်နိုင်သဖြင့် နယ်မြေစိုးမိုးမှုအတွက် တပ်မတော်အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်နေခြင်း ဖြစ်နိုင်ကြောင်း KIO ပြောကြား
Published 26 April 2018

တနိုင်းဒေသ လီဒိုလမ်းကြောင်းသည် တရုတ်နိုင်ငံ၏ One Belt One Road စီမံကိန်းနှင့် ပတ်သက်နိုင်သဖြင့် နယ်မြေစိုးမိုးမှုအတွက် တပ်မတော်အနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်နေခြင်းဖြစ်နိုင်ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောကြားသည်။

ဗိုလ်မှူးကြီးနော်ဘူက “အင်အားအပြည့်နဲ့ တပ်မတော်က ထိုးစစ်လုပ်တာနယ် မြေစိုးမိုးလိုမှုလို့ တွက်တယ်။ လီဒိုလမ်းကြောက တရုတ်နိုင်ငံရဲ့ One Belt One Road စီမံကိန်းနဲ့လည်း ပတ်သက်မယ်လို့ တွက်တယ်။ ဒါကို တပ်မတော်နဲ့ အစိုးရပေါင်းပြီး အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။ ကေအိုင်အေတွေရှိနေရင် မြန်မာအစိုးရနဲ့ တပ်မတော်အတွက် နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးအတွက် လုပ်တယ်လို့ ခန့်မှန်းတယ်။ လီဒိုလမ်းက တရုတ်နဲ့ အိန္ဒိယလမ်းမကြီးကိုး” ဟု ပြောကြားသည်။

လတ်တလောတွင် တပ်မတော်ဘက်မှ  ဧရာဝတီအရှေ့ဘက်ခြမ်း ဝိုင်းမော်ဘက်သို့ ဧပြီ ၂၃ ရက်တွင် စစ်အင်အားအများအပြား ရောက်ရှိလာပြီး မည်သည်ဘက်ကို ပစ်မှတ်ထားသည်ကို မသိရသေးကြောင်း၊ ထို့အတူ KIA တပ်မဟာ (၁) နယ်မြေ ရင်း (၄) အင်ဂျန်းယန်ဘက်သို့လည်း ဧပြီ ၂၄ ရက်တွင် တပ်မတော်ဘက်မှ စစ်အင်အားအများအပြား တက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီလောက် စစ်အင်အားနဲ့ဆိုတော့ ပြင်းပြင်းထန်ထန် ထိုးစစ်လုပ်မယ့်သဘောပေါ့။ ချီဖွေ-လောခေါင်-ပန်ဝါလမ်းဘက်လည်း စစ်ကားအစီး ၆၀ လောက်တက်လာတယ်။ တြိဂံနယ်မြေ (မေခ၊ မေလိခမြစ်ကြား) ဘက်လား။ ဆုံးဘက်ကိုထိုးပြီး လိုင်ဇာဌာနချုပ်ဘက် ထိုးလုပ်လိုတာလားဆိုတာ လေ့လာတုန်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ လောလောဆယ် စစ်ရေးအခြေအနေက စစ်ရေးအရ KIA ရော ပြည်သူရော စိုးရိမ်စရာ ဖြစ်ပါတယ်။ KIO/KIA အဖွဲ့ဟာ တော်လှန်ရေးဖြစ်တဲ့အတွက် ပန်းခင်းလမ်းမဟုတ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရမချင်း အခက်အခဲတွေကို ကျော်ဖြတ်ရမှာ။ ခုခံရမှာဖြစ်ပါတယ်။ အခုလို စစ်အင်အား၊ သေနတ်ပြောင်းဝနဲ့ချိန်ထားတဲ့ ငြိမ်းချမ်းရေးကိုတော့ မလိုလားပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ထို့အတူ တနိုင်းဒေသ KIA တပ်မဟာ (၂) နယ်မြေ၊ ရင်း (၁၄) နယ်မြေ၊ ကဆုန့်ဒေသရင်း (၁၁) နယ်မြေ၊  ဖားကန့်ဒေသရင်း (၆) နယ်မြေများတွင် တပ်မတော်က ဝင်ရောက်နေရာယူထားသည့်အတွက် KIA အနေဖြင့် ရွှေ့ပြောင်းတပ်ရင်းအဖြစ်သာရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

KIO ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် တပ်မတော်ဘက်မှ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ( ၆) နှင့်နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Dali (ဒါးလီး) မြို့တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၈ ရက်တွင် KIO ဗဟိုကော်မတီက ကြေညာချက်ထုတ်ပြန်ရာတွင် KIO ဥက္ကဋ္ဌသစ်နှင့် တပ်မတော်အကြီးအကဲတို့ တရုတ်နိုင်ငံ၌ တွေ့ဆုံခဲ့မှုတွင် KIA တပ်ရင်းအချို့ကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် KIO ဗဟိုနှင့် မြန်မာ့တပ်မတော်တို့ ပထမဆုံး သီးခြားတွေ့ဆုံခြင်းဖြစ်ကြောင်း၊  အဖွဲ့က လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံကတိကဝတ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားဆွေးနွေးခဲ့ကြောင်း၊ မြန်မာ့တပ်မတော်က ဆွေးနွေးရာတွင် KIA တပ်ရင်း (၁၄) ဌာနချုပ်အပါအဝင် KIA ရှေ့တန်းစခန်းများကို ဖယ်ရှားပေးရန်၊ အချို့သော KIA တပ် မဟာများ တည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း ဖိအားပေးဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် ကတိကဝတ်ပြုသည့် တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ထပ်မံတွေ့ဆုံရန် နှစ်ဖက်စလုံးက သဘောဆန္ဒရှိကြောင်း ဖော်ပြပါရှိသည်။

တပ်မတော်နှင့် KIA တို့ တနိုင်းဒေသတွင် တရားမဝင်ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၁၀ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှုများကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ လူပေါင်းအများအပြား ရွှေ့ပြောင်းရခြင်း၊ ပစ်ခတ်မှုများကြားတွင် ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများဖမ်းဆီးခံရခြင်း၊ ကျေးရွာလုံး ကျွတ်ထွက်ပြေးလာရခြင်းများရှိခဲ့ကြောင်း သိရသည်။

တနိုင်းဒေသတွင် ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်းသိန်းနှင့်ချီ စစ်၏အကျိုးသက်ရောက်မှုကိုခံရပြီး ဒေသခံများအတွက် ပြန်လည်ထူထောင်ရေးမှာ ကြီးမားသောစိန်ခေါ်မှုဖြစ်နေကြောင်းလည်း ဒေသခံအချို့က သုံးသပ်ကြသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်း တနိုင်းဒေသ တပ်မဟာ (၂) အခြေစိုက်ရာ အောင်လောဒ်ရွာတွင် ကျေးရွာသား ၂၀၀၀ ခန့် တောတောင်ထဲတွင်ရှိနေပြီး နမ္မတီးမြို့မြောက်ဘက်ရှိ KIA ရင်း (၁၁) အခြေစိုက်ရာ ကဆုန့်နှင့် ဇွတ်မိုင်ကျေးရွာမှ လူပေါင်း ၁၀၀၀ ကျော် နမ္မတီးမြို့ရှိ ဘုရားရှိခိုးကျောင်းများတွင် လာရောက်ခိုလှုံနေရသည်။

Most Recent