ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားသည့်အမှု ကြားနာမည့်ရက်မသိရသေး

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားသည့်အမှု ကြားနာမည့်ရက်မသိရသေး
Published 26 April 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထား သည့်အမှု ကြားနာမည့်ရက် မသိရသေး ကြောင်း တရားလိုဘက်မှရှေ့နေတစ်ဦးဖြစ် သူ ဦးရောဘတ်စန်းအောင် (တရားလွှတ် တော်ရှေ့နေ) ၏ ပြောကြားချက်အရ သိရသည်။

“မသိရသေးဘူးဗျ။ သိရရင် ကျွန်တော်ဖေ့စ်ဘွတ်မှာ တင်ပါ့မယ်။ တရားရေးကဘယ် လိုခေါ်မလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်သေးဘူး” ဟု ဦးရောဘတ်စန်းအောင်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

အဆိုပါအမှုတွဲ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိရသည့် အကြောင်းရင်းမှာ စွပ်စွဲခံရသူများဘက်မှ မြောက်ပိုင်းခရိုင်တရားရုံးက ၎င်းတို့အပေါ် ချမှတ်ထားသည့်စွဲချက် အမိန့်ပေါ်ကျေနပ်မှု မရှိသဖြင့် တိုင်းတရားလွှတ်တော်သို့ပြင်ဆင်မှု တက်ထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

အလားတူ ဦးနေဝင်းဇနီး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့်စွဲချက်အမိန့်သည် လိုအပ်ချက်များရှိသဖြင့် ပိုမိုအပြစ်ပေးနိုင်ရန် ပြင်ဆင်မှုတက်ထားကြောင်း သိရသည်။

ထိုသို့ပြင်ဆင်မှုတက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံခဲ့ပြီး နှစ်ဦးနှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကိုကြားနာကာ အမိန့်ချမှတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကိစ္စအတွက် ကြားနာမည့်ရက် မသိရသေးခြင်း ဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို  အမှုစစ်တရားရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

ထိုသို့စွဲချက်တင်ရာတွင် ရာဇသတ်ကြီး အမှုအမှတ် ၄၅/ ၂၀၁၇(လူသတ်မှုအမှုတွဲ)မှ ကြည်လင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ) / ၃၄ ၊ ၃၀၂ (၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့် လည်းကောင်း စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီးအမှုအမှတ် ၄၆/ ၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ) တို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အမှုနှင့် ပတ်သက်ပြီး စွဲချက်တင်ခံထားရသူများကမူ ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားခွင်တွင် ငြင်းဆိုထားကြကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူ ပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီကို  လုပ်ကြံရာတွင် ပါဝင်ပတ်သက်သူဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည့် အောင်ဝင်းခိုင်ကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent